Friday 30 December 2011

ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရ်များ (၄၁)ပါး


ဧတဒဂ် (ဧတဒဂ္ဂ)ဟူသည် မိမိမိမိတို့၏(ကျွမ်းကျင်သော) အရာဌာန၌ အခြားသောပုဂ္ဂိုလ်တို့ထက် အထွတ်အထိပ်ရောက်သော, မြင့်မြတ်သော ပုဂ္ဂိုလ် (မိမိ မိမိဆိုင်ရာ ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးပုဂ္ဂိုလ်)ဟု ဆိုလိုသည်။
တေ ဟိ ထေရာ အတ္တနော အတ္တနော ဌာနေ ကောဋိဘူတာတိပိ အဂ္ဂါ၊ သေဋ္ဌဘူတာတိပိ။ တသ္မာ ဧတဒဂ္ဂန္တိ ဧသာ ကောဋိ ဧသော သေဋ္ဌောတိ အယမေတ္ထ အတ္ထော။ (အံ-ဋ္ဌ၊ ၁-၉၆)


၁။ အရှင်ကောဏ္ဍည=ဝါတော်ကြီးရင့်ခြင်း၊ ရတ္တညူအရာ။
၂။ အရှင်သာရိပုတ္တရာ=ဉာဏ်ပညာကြီးခြင်း၊ မဟာပညာအရာ။
၃။ အရှင်မဟာမောဂ္ဂလာန်=တန်ခိုးဣဒ္ဓိပါဒ်ကြီးခြင်း။
၎။ အရှင်မဟာကဿပ=ဓုတင်ဆောင်ခြင်း။
၅။ အရှင်အနုရုဒ္ဓါ=ဒိဗ္ဗစက္ခုအဘိညာဉ်ရခြင်း။
၆။ အရှင်ဘဒ္ဒိယ=အမျိုးမြတ်ခြင်း။
၇။ အရှင်လကုဏ္ဍကဘဒ္ဒိယ=အသံသာခြင်း။
၈။ အရှင်ပိဏ္ဍောလဘာရဒွါဇ=ရဲတင်းသောစကားကို ဆိုခြင်း။
၉။ အရှင်ပုဏ္ဏ=ဓမ္မကထိကအရာ တရားဟောကြားခြင်း။
၁၀။ အရှင်ကစ္စာန=အကျဉ်းကို အကျယ်ဟောခြင်း။
၁၁။ အရှင်စူဠပန္ထက=မနောမယအဘိညာဉ် ဖန်ဆင်းခြင်း, ရူပါဝစရဈာန်အရာ၌ လိမ္မာကျွမ်းကျင်ခြင်း။
၁၂။ အရှင်မဟာပန္ထက=အရူပဈာန်မှထ၍ ရဟန္တာဖြစ်ခြင်း၊(အရူပါဝစရဈာန်အရာ၌ လိမ္မာကျွမ်းကျင်ခြင်း)
၁၃။ အရှင်သုဘူတိ=အပြစ်မရှိသောနေခြင်းနှင့် အလှူခံထိုက်ခြင်း။
၁၄။ အရှင်ခဒိရဝနိယရေဝတ=တောရဆောက်တည်ခြင်း။
၁၅။ အရှင်ကင်္ခါရေဝတ=ဈာန်ဝင်စားခြင်း။
၁၆။ ကောဠိဝိသနွယ်ဖွား အရှင်သောဏ=လုံ့လဝီရိယကြီးခြင်း။
၁၇။ ကုဋိကဏ္ဏမည်ရ အရှင်သောဏ=အဟောအပြောကောင်းခြင်း။
၁၈။ အရှင်သီဝလိ=လာဘ်ပေါများခြင်း။
၁၉။ အရှင်ဝက္ကလိ=သဒ္ဓါတရားလွန်ကဲခြင်း။
၂၀။ အရှင်ရာဟုလာ=သိက္ခာသုံးပါး ကျင့်ဆောင်ခြင်း။
၂၁။ အရှင်ရဋ္ဌပါလ=သဒ္ဓါ၍ ရဟန်းပြုခြင်း။
၂၂။ အရှင်ကုဏ္ဍဓာန(ကောဏ္ဍဓာန)=စာရေးတံမဲ ပဌမရယူခြင်း။
၂၃။ အရှင်ဝင်္ဂီသ=ဖွဲ့ဆိုသီကုံးမှု၌ ဉာဏ်ပဋိဘာန်ရှိခြင်း။
၂၄။ အရှင်ဥပသေန=ကြည်ညိုဖွယ်ရာ ဖြစ်ခြင်း။
၂၅။ အရှင်ဒဗ္ဗ=သံဃာတော်များအတွက် နေရာချထားခြင်း။
၂၆။ အရှင်ပိလိန္ဒဝစ္ဆ=နတ်တို့ချစ်မြတ်နိုးခြင်း။
၂၇။ အရှင်ဒါရုစိရိယ=လျင်မြန်စွာ ထိုးထွင်းသိခြင်း=ခိပ္ပါဘိညာ။
၂၈။ အရှင်ကုမာရကဿပ=ဆန်းကြယ်စွာ တရားဟောခြင်း။
၂၉။ အရှင်မဟာကောဋ္ဌိက=ပဋိသမ္ဘိဒါလေးပါး ရခြင်း။
၃၀။ အရှင်အာနန္ဒာ=အကြားအမြင်များခြင်း, သတိကောင်းခြင်း, ဉာဏ်ကောင်းခြင်း, လုံ့လကြီးခြင်း, လုပ်ကျွေးပြုစုခြင်း=ဤငါးချက်။
၃၁။ အရှင်ဥရုဝေလကဿပ=အခြံအရံများခြင်း။
၃၂။ အရှင်ကာဠုဒါယီ=ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေခြင်း။
၃၃။ အရှင်ဗာကုလ=ကျန်းမာရေးနှင့် ပြည့်စုံခြင်း၊(အနာရောဂါ ကင်းခြင်း)
၃၄။ အရှင်သောဘိတ=ပုဗ္ဗေနိဝါသအဘိညာဏ်။
၃၅။ အရှင်ဥပါလိ=ဝိနည်းဆောင်ခြင်း။
၃၆။ အရှင်နန္ဒက=ဘိက္ခုနီတို့အား ဆုံးမခြင်း။
၃၇။ အရှင်နန္ဒ=ဣနြေ္ဒစောင့်ခြင်း။
၃၈။ အရှင်မဟာကပ္ပိန=ရဟန်းများအား ဆုံးမခြင်း။
၃၉။ အရှင်သာဂတ=တေဇောဓာတ်သမာပတ်၌ ဝင်စားခြင်း။
၄၀။ အရှင်ရာဓ=ဒေသကဘုရားရှင်အား ဒေသနာဉာဏ်အဆင့်ဆင့် ပွင့်စေခြင်း။
၄၁။ အရှင်မောဃရာဇ=ခေါင်းပါးသောသင်္ကန်းကို ဆောင်ခြင်း။
>>>Read more>>> >>

Tuesday 27 December 2011

ဘ၀ရထား






သီတဂူဆရာတော်ဘုရားကြီးရဲ့ တစ်ခုသောတရားထဲမှာ နာကြားမိတာလေးက ရင်ထဲမှာစွဲသွားခဲ့ပါတယ်။ အကြောင်းအရာ က အသွင်မဆန်းပေမယ့် ဘ၀အမြင်မှာ တကယ်ဆန်းစေတဲ့တရားလေးပါ။ ကြားဖူးနေကြစကားထဲက ဘ၀ရထား ... ဆိုတဲ့ အကြောင်းပါ။ လူ့ဘ၀ကြီးတစ် ခုလုံးကို ရထားတစ်စင်းနဲ့ တင်စားပြီးပြောဆိုဆုံးမသွားတာမို့ပါ။ နေ့စဉ် ရထားနဲ့ ခရီးသွား လာနေကြတဲ့ လုပ်သားပြည်သူတွေ ရေလို့တောင်ရပါ့မလား။ တစ်နေ့ တစ်ရက်တည်းမဟုတ်။ ဘ၀ စဆိုကတည်းက တစ်ချို့ဆို ရထားပေါ်မှာတင် မီးဖွားခဲ့ကြ။ ကျွန်တော်ဖြင့် အံ့သြလွန်းလို့။ နေ့စေ့လစေ့ကြီး ဘာကြောင့်များ ခရီးသွားကြတာ ပါလိမ့်ပေါ့။ စဉ်းစားရတာ မရေရာခဲ့ပါ။ အဲ့သလို မရိုးမဆန်း ဖြစ်ရပ်တွေ ဘ၀ရထားပေါ်မှာ စုံလို့ပါပဲ။ တစ်ချို့တော့လည်း ရေလမ်းကသွားတော့ သင်္ဘောပေါ်မှာ မွေးဖွားကြ။ လေကြောင်းမှာ သွားရင်းလာရင်းတော့ မမွေးလောက်ဘူးလို့ အဆစ်တွေးကြည့်မိပါသေးတယ်။ ဒါလည်း မပြောနိုင်ပါဘူး... ကိုယ်မှမသိတာ။

ရထားဆိုတဲ့အတိုင်းပါပဲ။ လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံကို စီးနင်းကြ။ ရထားပေါ်မှာတင် မိတ်ဆွေတွေဖွဲ့ကြ။ ခင်မင်ကြ။ ရင်းနှီးကြ။ လက်ဆုံးစားကြသောက်ကြ။ တစ်ချို့ကတော့ သောက်ကြစားကြ။ နေရာတွေလုကြ။ ရန်ဖြစ်ကြ။ ကလေးတွေကငိုကြ။ ဈေးသည်တွေက ဆူလို့ညံ့လို့။ အထက်တန်းတွဲဘက် ကိုကြည့်လိုက်တော့ ခုံလေးတွေသပ်သပ်ရပ် ရပ်နဲ့ လူတွေကလည်း ငြိမ်ငြိမ်ဆိတ်ဆိတ်။ လက်မှတ်ကနံပါတ်နဲ့ ခုံနံပါတ်ကို ကိုက်အောင်ရှာနေတာတွေလောက်ပဲရှိပါ တယ်။ သူ တို့မျက်နှာတွေပေါ်မှာတော့ အရောင်သွေးတွေ တစ်မျိုးစီဖြစ်နေတာတော့ သတိပြုမိသား။ အဲ့ဒါဘာလဲဆိုတာကို ကျွန်တော် မသိဘူး။ အင်း ... ဒီလိုနဲ့ပဲ မိမိတို့ လိုရာခရီးပန်းတိုင်ကို ရောက်တဲ့အခါ ဆင်းသွားကြပြန်တယ်။ တစ်ချို့က လည်း ထိုနေရာမှပင် ထပ်ပြီးတက်လာကြပြန်တယ်။ ခရီးသည်တွေ ဘာတွေဘယ်လိုပဲ ဖြစ်နေနေ ရထားကြီးကတော့ အပြုံးမပျက် ခရီးဆက်နေဆဲပါပဲ။

ဘ၀သံသရာ သီချင်းထဲကလို ခရီးပန်းတိုင်း မရောက်ချင်း တစ်ယောက်ဆင်း၊ တစ်ယောက်တက် ဆက်လက်ထွက်ခွါလာ ..လိုက်တာ ဘယ်တော့များမှ ဆုံးမည်မသိ။ မြတ်စွာဘုရားရှင်ကတော့
ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အ၀ိဇာနတံ။
သူတော်ကောင်းတရားကို မသိသောသူအား သံသရာသည် ရှည်လျား၏ ဟူသတည်း။ တရားမသိသမျှတော့ ကရွတ်ခွေ ပေါ် ကင်းလျှောက်သလို ဆုံးနိုင်ဖွယ်ရာမမြင်ဘူးလို့ ဘုရားရှင်မိန့်လိုက်တာက မှတ်သားစရာပါပဲ။
ရထားပေါ်ကို စတင်ပြီး တက်ရောက်လာကတည်းက လက်မှတ်နဲ့ဝယ်ပြီးစီးခဲ့ရတာချည်းပါ။ ကိုယ့်လိုတဲ့ပန်းတိုင်ရောက်တာနဲ့ ကိုယ့်ခုံကိုထားပစ်ခဲ့ရမှာပါပဲ။ ငါ ထိုင်ခဲ့တဲ့ ခုံလေးဆိုပြီး သယ်သွားခွင့်မရှိပါဘူး။ ဒီမှာပဲနေတော့မယ်ဆိုပြီးတော့လည်း နေခွင့်မရှိပါဘူး။ သို့သော် ရထားစီးသူတို့ခမျာ ခုံလေးတစ်ခုံအတွက် အလုအယက် ရန်ဖြစ်နေကြတာ ရထားစီးဖူးတဲ့သူတိုင်း မြင်တွေ့ခဲ့ဖူးကြမှာပါ။ ကိုယ်တိုင် ရန်ဖြစ်ပြီး စီးခဲ့တာမျိုးများ ရှိချင်ရှိနေနိုင်မယ်ထင်တယ်နော်။ တစ်ချို့တော့ ခိုးစီးကြတာ တွေလည်း ကြုံတွေ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လိုရာကို ရောက်ဖို့အတွက် သက်သက်သာသာ မရှိလှတာတော့ အမှန်ပါပဲ။

ဘ၀ရထားကြီးကလည်း တစ်ရွေ့ရွေ့နဲ့ အမေ့ဝမ်းခေါင်းကနေ မောင်းထွက်လာလိုက်တာ ခုဆို အတော့်ကို ခရီးပေါက်နေပါ ရောလား။ ခရီးသွားရင်နဲ့ ကိုယ့်ထမင်းလေး တစ်လုပ်စားရဖို့ သူတစ်ပါးတို့ကို သတ်ဖို့လည်း ၀န်မလေးတဲ့ အဖြစ်တွေနဲ့ ကြုံ ခဲ့ရ။ သူများပစ္စည်းယူစားဖို့လည်း မကြောက်လန့်ခဲ့။ အစားတစ်ခုအတွက် စကားများကြ။ ရန်သတ်ကြ။ နေရာတစ်ခုအတွက် အပြိုင်အဆိုင်တွေလုပ်ကြ။ အချိန်တန်ရင် ဒီခုံတန်းကို ငါ ထားခဲ့ရမှာပါလားလို့များ နားလည်မယ်ဆိုရင် ဘယ်လောက် ကောင်းမလဲနော်။ ရန်ဖြစ်ရမှ စားလို့ဝင် အိပ်လို့ပျော်များ ဖြစ်နေကြရောလားမသိ။ အနိမ့်ဆုံးအဆင့် ကိုယ်မကျေနပ်တာရှိ ရင် ဒေါသလေးတော့ ထွက်ပြလိုက်ရမှ။ နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်ချင်တာကပါသေး။ အမောက်ထောင် ချင်တဲ့ နဂါးဆိုမှတော့ တိရိစ္ဆာန်စာရင်းထဲကို ၀င်သွားပြီးဆိုတာ သူမသိလိုက်ဘူးထင်ပါရဲ့။

တစ်ခါတုန်းက ကြက်တွေကို အုပ်ခြင်းတွေနဲ့ သယ်နေကြာတာတွေ့ဖူးပါတယ်။ သူတို့ခရီးက ကြက်သတ်သမားတွေဆီကိုပါ။ သူတို့တွေ သေရမယ်ဆိုတာကို မသိကြပါဘူး။ အုပ်ခြင်းထဲမှာ အစားစားနေလိုက် ကြတာများ ပျော်ပွဲစားခရီးများထွက်လာ သလား မှတ်ရတယ်။ စားပြန်တော့လည်း တစ်ကောင်နဲ့ တစ်ကောင် ထိုဆိတ်ပြီး စားနေကြတယ်။ တစ်ချို့ကြက်ဖတွေက တွန်သံတောင် ပေးလိုက်သေးတယ်။ နောက်တစ်ခုရှိသေးတယ်။ နွားတွေကို သတ်ဖို့ဆိုပြီး နွားသတ်ရုံကို ဆွဲသွားလိုက် ကြတာ ... နွားတွေကတော့ ဘာမှမသိ။ ခေါင်းလေးတစ်ညိတ်ညိတ်နဲ့ လိုက်ရှာတယ်။ သူတို့ကို နယ်မြေသစ် စားကျက်သစ် ကိုခေါ်လာတယ်အမှတ်နဲ့များ လိုက်လာသလားထင်ရတယ်။ လမ်းမှာတွေ့တဲ့ မြက်ကိုလှမ်းဆွဲစားလိုက်သေးတယ်။ တစ်ချို့သော နွားတွေက တစ်ကောင်နဲ့ တစ်ကောင်မြင်ရင် ရန်ထောင်တာလား၊ နှုတ်ဆက်တာလားမသိ အော်လို့ ...ဟစ်လို့။ အသံပေးလိုက်လို့။ နည်းနည်းလေးမှ စိတ်ညစ်တဲ့ပုံမပေါ်ဘူး။

ကြက်တွေရော၊ နွားတွေရောက ငါတို့ကိုခေါ်သွားတာဟာ သတ်ဖို့ပဲ .. လို့များသိရင် ဘယ်လိုနေမလဲမသိဘူးလို့ ထင်ရာမြင် ရာ တွေးကြည့်မိပါသေးတယ်။ သိတော့ရော ဘာဖြစ်မှာလည်း ..... တစ်နေ့သေရမယ်ဆိုတာ သိတဲ့ လူသားတွေတောင်မှ ရထားလက်မှတ်တစ်ဆောင်အတွက် ရန်သတ်ကြသေးတာပဲလေ။ ထမင်းတစ်လုပ်အတွက် သူများအတင်းတွေ တုတ်ကြ သေးတယ်လေ။ ရန်တွေဘာတွေလုပ်လို့၊ ဒေါသတွေဘာတွေထွက်လို့၊ ပျော်ပျော်ရွှင်ရွှင်နေနေကြတာတွေ့ရတော့ နွားတွေ ကြက်တွေကို နားလည်ပေးဖို့ အခွင့်အလမ်းတစ်ခုရခဲ့ပါတယ်။

တူနေတဲ့အမူအကျင့်နှစ်ခုကို သိရှိနားလည်ကြတဲ့ ပညာရှိသူတော်ကောင်းတွေကတော့ မတူအောင် နေထိုင်ကြပါတယ်။ ဒေါသထွက်တတ်တဲ့အကျင့်တွေပျောက်အောင်၊ လောဘဖြစ်တတ်တဲ့ အကျင့်တွေပျောက်အောင် သတိပညာနဲ့ ကျင့်သုံး နေထိုင်ရင်း ဘ၀ရထားပေါ်မှာ အေးဆေးသက်သက်စွာ စီးနင်းလိုက်ပါလာကြပါတယ်။ တစ်နေ့မှာ ငါသေရမယ်ဆိုတာ သိတဲ့အတွက် ရန်လည်း မဖြစ်တော့ပါဘူး။ မကျေနပ်တာတွေလည်း မရှိတော့ပါဘူး။ အငြင်းလည်း မပွားတော့ပါဘူး။
ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။
သေခြင်းကင်းရာ ချမ်းသာအစစ် နိဗ္ဗာန်ကိုမမြင်ရပဲ အနှစ်တစ်ရာ အသက်ရှည်နေထိုင်ရခြင်းထက်၊ သေခြင်းကင်းရာ ချမ်းသာအစစ် နိဗ္ဗာန်ကိုမြင်တွေ့ရသောသူ၏ တစ်ရက်တာမျှ အသက်ရှင်နေထိုင်ရခြင်းက မြတ်၏ဟု မြတ်ဗုဒ္ဓက မိန့်မှာတော်မူခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ကဲ့သို့သော သူတော်ကောင်းတို့၏ စကားကို သူတော်ကောင်းတို့၏ နားနှင့် နားထောင်မှသာလျှင် ကြားနိုင်၏။ သူတို့ကောင်းတို့ နှလုံးသားနှင့် ခံယူမှသာလျှင် ဆိုလိုသည့် သဘောသွားတို့ ရင်ထဲ ပေါက်ရောက်ပေလိမ့်မည် ဖြစ်၏။

ရထားဖြစ်သည့်အားလျော်စွာ တစ်ဘူတာပြီး တစ်ဘူတာ ရပ်နားနေဦးမှာတော့ သေချာပါတယ်။ ကိုယ်နဲ့မဆိုင်သေးတဲ့ ဘူတာမို့ ကိုယ့်အလှည့်မရောက်သေးရင်တော့ ဒီဘူတာက မဆင်းရသေးဘူးပေါ့။ ကိုယ့်အလှည့်ရောက်တဲ့အခါမှာတော့ ရထားပေါ်ကနေ ခပ်သုတ်သုတ်လေးဆင်းပေးရမှာပါပဲ။ ရထားပေါ်က ဆင်းတဲ့အခါမှာတော့ ခုံတွေလည်း ပါမလာ၊ ကြုံတဲ့ လူတွေလည်း ထားခဲ့ရမှာ နားလည်ထားသင့်ပါတယ်။ ကိုယ့်နောက်ပါမှာက ကိုယ်ယူလာတဲ့၊ ချိုင်းကြားညှပ်လာတဲ့ MONEY အိပ်လောက်နဲ့ သဏ္ဍာန်တူတဲ့ ဒါနအမှုတွေ၊ သီလအမှုတွေ၊ ဘ၀နာအမှုတွေပါပဲ။ ဒါနအမှုကောင်းတဲ့သူတော့ ငွေအိတ်ဖောင်းတာပေါ့။ သီလအမှုကောင်းတဲ့သူတော့ အန္တရာယ်ကင်းပါတယ်။ ဘ၀နာအမှုကောင်းတဲ့သူကတော့ သက် တောင့်သက်သာနေထိုင်ရမှာ သေချာပါတယ်။

အတွေးကိုယ်စီနဲ့ ကျော်ဖြတ်လာခဲ့တာ ခုဆိုရင် ဘူတာ ၂၅ ခုကျော်ဖြတ်ပြီးသွားပြန်ပါပြီ။ ဘယ်နေ့ ဘယ်ဘူတာမှာ ဆင်းရမယ်တော့ မသိသေးဘူး။ ကျွန်တော်နဲ့အတူ စီးနင်းလာတဲ့ ဆရာတော်တွေ၊ နောက်ပြီး အကိုတွေ၊ အမတွေ၊ ညီလေးတွေ၊ ညီမလေးတွေ၊ သူငယ်ချင်း မိတ်ဆွေတွေအားလုံးကို ဘူတာကမဆင်းခင် ကာယ၊ ၀စီ။ မနော သုံးခုလုံးရောပြီး မှားခဲ့တာများရှိရင် ခွင့်လွှတ်ပါလို့ တောင်းပန်ခဲ့ပါရစေ။ မိမိတို့လိုရာခရီးကို သက်တောင့်သက်သာ သွားလာ နိုင်ကြပါစေကြောင်းလဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။

အားလုံးသော သတ္တ၀ါတွေ အမြင်လည်းရှင်း စိတ်လည်းရှင် လက်ငင်းချမ်းသာကြပါစေ။

(မောင်သုခ၏ ၂၅ ပြည့်မွေးနေ့ အမှတ်တရ မှ)



>>>Read more>>> >>

ရေ နဲ့ ကြာ


နတ်တို့ ဖန်ဆင်း၊ ရေကန်အသင့် ကြာအသင့် …. ဆိုပြီး မြန်မာ့ဆိုရိုးစကားတစ်ခုရှိပါတယ်။ ကိုယ်လိုချင်တဲ့အရာတွေ အခက်အခဲမရှိ ရရှိတဲ့အခါမျိုးမှာ ပြောတတ်ကြတဲ့ စကားလေးပဲဖြစ်ပါတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေ ကြုံရတဲ့အခါမှာ တော့ ကံဆိုးသူတို့သွားလေရာ၊ မိုးလိုက်လို့ရွာ …. ဆိုပြီး စကားပုံလေးတွေ ဖွဲ့ကြပြန်ပါတယ်။ ကြည့်စမ်းပါဦး။ ကံကောင်းတဲ့ သူနဲ့ တွေ့ရတာက ရေ … ဖြစ်ပြီ။ ကံဆိုးတဲ့သူတွေ့ရတာက မိုးဖြစ်နေတယ်။ သို့သော်တူနေတာက မိုးနဲ့ ရေ ဟာ အနွယ် တစ်ခုတည်းဖြစ်နေတာကို သတိထားမိပါ့မလားမသိဘူး။ ကံဆိုးသူရော ကံကောင်းသူရော နှစ်ဦးစလုံး သူတို့တွေ့ရတာ ရေပါပဲ။ ရေချင်းအတူတူ ဘာလို့ လောဘဖြစ်မှာလဲ၊ ဘာလို့ဒေါသဖြစ်မှာလဲ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲတမ်းကြားနေရတဲ့စကားတစ်ခုရှိတယ်။ အဲ့ဒါ လောကဓံ … ဆိုတာပါပဲ။ ကိုယ့်ဘ၀မှာ ခက်ခက်ခဲခဲ ဆင်းဆင်းရဲရဲကျော်ဖြတ်လာရတဲ့အခါတိုင်း ငါ့ဘ၀က ဆိုးပါတယ်။ တို့ကတော့ လောကဓံကို အလူးအလဲ ခံခဲ့ရ တာပါတဲ့။ လောကဓံရဲ့ဒဏ်ချက်တွေကြောင့် ငါ့ဘ၀ကြီးတစ်ခုလုံး ကြေမွနေပါပြီ …….. စုံလို့ပါပဲ။ သူတို့ဖြစ်ကျော်ခဲ့ရတာက ဆိုးတဲ့နေရာတွေကို ဖြစ်ကျော်ရတာကိုး။ ဒီလူတွေကတော့ ပြောကြမယ်ထင်တယ်နော်။ ကံဆိုးသူတို့သွားလေရာ မိုးလိုက် လို့ရွာ … ဆိုပြီးတော့ပေါ့။ တစ်ကယ်တော့ လောကဓံ ရှစ်ပါးမှာ … ချမ်ချမ်းသာသာနေရတာ၊ တနည်း အဆင်ပြေပြေနေရ တာလည်း လောကဓံပါပဲ။ ဆင်းဆင်းရဲရဲနေရတာ၊ တနည်း အဆင်မပြေဖြစ်နေရတာလည်း လောကဓံပါပဲ။ ဒီတော့ အဆိုး တွေကြုံရခါမှ ငါ့ကြမှ ကွက်ပြီး လောကဓံကို ပိုခံရတယ်လို့ မမှတ်စေလိုပါ။ ကံကောင်းသူရော၊ ကံဆိုးသူပါ နှစ်ဦးစလုံး ကြုံ တွေ့ရတာ လောကဓံ တစ်မျိုးတည်းပါ။ ခံရတာချင်းတူပါရဲ့နဲ့ ဘာလို့ လောကဓံတရားအပေါ်မှာ လောဘဖြစ်မှာလဲ၊ ဘာလို့ ဒေါသထွက်မှာလဲ။


အကြောင်းတိုက်ဆိုင်တိုင်း သူနဲ့ဆိုင်ရာဆိုင်ရာဟောခဲ့တဲ့ မြတ်စွာဘုရားရှင်ရဲ့တရားတော် တွေကို အမှတ်ရမိပါတယ်။ ကမ္ဘာပေါ်မှာလို့ပဲပြောရမလား၊ လောကမှာလို့ပဲပြောရမလား။ ဆိုရိုးစကားတွေ၊ ဆုံးမစာတွေ၊ သြ၀ါဒတွေ၊ အဆိုအမိန့်တွေ ပလူပျံနေအောင်ကို ပေါပါတယ်။ သူတို့ပြောတာဆိုတာတွေ ဘယ်လောက်ကောင်းတယ်ပဲဆိုဆို နေရာတိုင်းအတွက် အံဝင် နိုင်ပါ့မလားလို့ တွေးကြည့်မိဘူးတယ်။ အားလုံးကိုသိတော်မူတဲ့ မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ ဟောကြားထားတဲ့ တရားတော်တွေလောက် ထိုထို အဆိုအမိန့်များ ကောင်းမွန်လိမ့်မယ်လို့ မထင်ပါဘူး။ ဘာကြောင်လဲဆို တော့ မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေဟာ အစ၏ ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုံး၏ ကောင်းခြင်းဆိုတဲ့ ကောင်းခြင်း သုံတန်နဲ့ ပြည့်စုံတော်မူတဲ့အတွက်ကြောင့်ပါပဲ။


ခုပဲကြည့်လေ။ မင်္ဂလသုတ္တန်တရားတော်ကြီးမှာ မြတ်စွာဘုရားရှင်က ပတိရူပဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတပုညတာ၊ အတ္တသမ္မာ ပဏီဓိ စ၊ ဧတံမင်္ဂလမုတ္တမံ ….. ဆိုပြီး ဟောတော်မူခဲ့ပါတယ်။ ဆိုလိုတာက သိလိုရင်းနဲ့ မေးလျှောက်လာတဲ့ အို … နတ်သား၊ ပတိရူပဒေသ ဆိုတဲ့ သင့်တင့်လျောက်ပတ်သော အရပ်မှာ နေခြင်း၊ ပုဗ္ဗေ စ ကတပုညတာ … ဆိုတဲ့ ရှေးကပြုဖူးတဲ့ ကောင်းမှု ကုသိုလ်ကံရှိခြင်း၊ အတ္တသမ္မာ ပဏီဓိ စ … ဆိုတဲ့ မိမိကိုယ်ကိုယ် ကောင်းစွာဆောက်တည်ခြင်း ဆိုတဲ့တရားတွေဟာ မင်္ဂလာပါပဲ။ တနည်းအားဖြင့် မကောင်းတဲ့တရားတွေ ပယ်ဖျောက်ပြီး ကောင်ကျိုးတရားတွေ တည်ဆောက်နိုင်တဲ့ ကောင်းမြတ်တဲ့တရားတွေပါပဲတဲ့။ ဒီတရားတွေသာ ကျင့်ရင် ကျင့်တဲ့သူလည်း အကျိုးရှိ၊ သူနဲ့ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်လည်း အကျိုးရှိ စေတဲ့တရားတွေပါပဲ။


နေရာကောင်းတဲ့။ လူတိုင်းလိုချင်ကြပါတယ်။ လိုချင်တဲ့နေရာကို အခက်အခဲမရှိ ရကြတာကိုပဲ နတ်တို့ဖန်ဆင်း၊ ရေကန် အသင့် ကြာအသင့် လို့ဆိုကြတာပဲလေ။ နေရာကောင်းဆိုပေမယ့်လည်း ဘယ်လိုကောင်းတာမျိုးလဲ ပြန်ကြည့်ပါဦး။ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုရနေမှကို နေရာကောင်းလို့ ခေါ်ထိုက်မယ်ထင်တယ်။ သို့သော် ပညာတော့ရပါရဲ့ သတ္တ၀ါ တွေပျက်စီးကြောင်းတော့ မဖြစ်သင့်ဘူး။ ဥစ္စာပစ္စည်းတော့ရပါရဲ့။ သတ္တ၀ါတွေ စတေးပြီးမှ ရတာမျိုး၊ မကောင်းတဲ့ မိစ္ဆာဇီဝ ကနေရတာမျိုး မဖြစ်သင့်ဘူး။ ဒီလိုဆိုရင် ပညာရှာတဲ့နေရာမှာ၊ တနည်း ပညာရတဲ့နေရာဆိုတာ ကုသိုလ်ဖြစ်ဖို့ ထောက်ပံ့ နိုင်ရမယ်။ ဥစ္စာရှာတဲ့နေရာမှာ၊ တနည်း ဥစ္စာရတဲ့နေရာမှာ ကုသိုလ်ဖြစ်ဖို့ ထောက်ပံ့တဲ့အရာတွေ ဖြစ်နေရင် ကောင်းမယ် လို့ ယူဆပါတယ်။


ကုသိုလ်၊ ပညာ၊ ဥစ္စာ ရတာဟာ အကြောင်းမဲ့မဟုတ်ဘူး။ အကြောင်းရှိတယ်။ တို့ဗုဒ္ဓက အကြောင်းကိုရှာပြတယ်။ အဲ့ဒါက တော့ ရှေးကောင်းမှုကံ ရှိလို့ပဲတဲ့။ ရှေးကောင်းမှုကံ ရှိလို့ကိုပဲ မြတ်စွာဘုရားရှင်ကို ဖူးတွေ့ရတယ်။ တရားတော်တွေကို နာယူခွင့်၊ ကျင့်ကြံနိုင်ခွင့်ရတယ်။ ဘုရားသားတော် ရဟန်းသံဃာတွေကို ဖူးမျှော်ခွင့်ရတယ်။ ဒါဟာ နည်းတဲ့အခွင့်အရေး မဟုတ်ဘူးနော်။ ဘုရားပွင့်လို့သာ ဓမ္မရတနာပွင့်တာ၊ သံဃာရတနာပွင့်တာ။ ဘုရားမပွင့်တဲ့အခါမှာ ထမင်းအလှူဖြစ်ချေဦးတော့။ သံဃာမပွင့်တဲ့အတွက် ဆွမ်းအရာ မမြောက်ဘူး။ သံဃာကိုလောင်းလှူခွင့်ရမှ ဆွမ်းအရာမြောက်တယ်။ ဒီလိုမျိုး ဒါန အမှုတွေ၊ သီလအမှုတွေ၊ ဘာဝနာအမှုတွေ ပြုလုပ်နိုင်တာ ရှေးကကောင်းမှုကုသိုလ် ရှိခဲ့ဖူးလို့ဆိုတာ မမေ့ကြပါနဲ့။ အကုသိုလ် ကံကြောင့် ကြက်ကလေးသွားဖြစ်ဦး။ နေ့စဉ်သူစားသမျှ ပိုးကောင်မွှားကောင်းတွေချည်းပဲ။ သေမှစားတာမ ဟုတ်ပဲ၊ သတ်စားတာဆိုတော့ နေ့စဉ် ပါဏာတိပါတကံ ထိုက်နေတယ်။ သူတို့ရောက်တဲ့နေရာ ဘယ်လောက်ဆိုးလိုက် သလဲ။ ဒါကြောင့် နေရာကောင်းရတာဟာ ရှေးကောင်းမှုရှိလို့ပါပဲ။


ရှေးကောင်းမှုကံကြောင့် နေရာကောင်းမှာနေရပြီ ဆိုတဲ့အခါမှာ အတ္တသမ္မာ ပဏီဓိ စ … ဆိုတဲ့ မိမိကိုယ်ကို ကောင်း အောင်ထိန်းဖို့ အထူးလိုအပ်ပါတယ်။ ကောင်းအောင်ထိန်းတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ ဒါနတွေ မပြုဖြစ်ရင် ပြုဖြစ်ရ မယ်၊ သီလတွေ မဆောက်တည်ဖြစ်ရင် ဆောက်တည်ဖြစ်ရမယ်၊ သမထ၊ ၀ိပဿနာ ဘာဝနာတွေ မပွားများဖြစ်ရင် ပွားများ ဖြစ်ရပါမယ်။ မိမိရဲ့ ကာယကံ အမှုတွေ မမှားရအောင် ထိန်းရမယ်၊ ၀စီကံအမှုတွေ မမှားရအောင် ထိန်းရမယ်၊ မနောကံ အမှုတွေ မမှားရအောင် ထိန်းရမယ်။ မိမိကိုယ်ကိုယ် ကောင်းအောင် ထိန်းသိမ်းနေထိုင်ခြင်းဟာ ကောင်းမြတ်တဲ့ မင်္ဂလာပါ ပဲ။ ဘာကြောင့်လဲဆိုတော့ အတ္တာနံ ရက္ခန္တော ပရံ ရက္ခတိ နာမ။ မိမိ ကိုယ်ကို စောင့်ရှောက်ခြင်းဟာ တစ်လောကလုံး ကို စောင့်ရှောက်ရာ ရောက်လို့ပါပဲ။ ဒီလိုပဲ ပရံရက္ခန္တော အတ္တာနံ ရက္ခတိ နာမ။ တစ်လောကလုံးကို စောင့်ရှောက်ခြင်း ဟာလည်း မိမိကိုယ်ကိုယ် စောင့်ရှောက်ခြင်းပါပဲလို့ မှတ်သားဖူးပါတယ်။


အများအားဖြင့် ကြာဆိုတာ ရေမှာပျော်တာပါ။ လေမှာ ပွင့်ပြီး ညွှန်မှာရှင်သန်ကြတဲ့အမျိုးလည်း ဖြစ်ပါတယ်။ လေထဲမှာ လှလှပပ ပွင့်ဖူးနေတဲ့ ကြာပန်းလေးတွေဟာ မြင်သူတို့ရဲ့ ရင်ကို အေးမြစေပါတယ်။ ရေနဲ့ ကြာကြောင့် ရေကန်ကြီးဟာ တင့်တယ်ပါပေတယ်။ သို့သော် အောက်ဆုံးက ညွှန်တွေကိုလည်း မမေ့နဲ့ဦး။ ညွှန်မှာပေါက်နေတဲ့ကြာဟာ ညွှန်တွေမကပ် ပဲနေလို့သာ တင့်တယ်တာပါ။ ညွှန်တွေမကပ်အောင်လည်း ရေမှာပျော်မှ ဖြစ်ပါမယ်။ ပွင့်တဲ့အခါမှာတော့ ရေရော ညွှန်ရော မရှိတဲ့ လေမှာပဲ ပွင့်ကြပါတယ်။ ဒီလိုပါပဲ။ အရိယာသူတော်ကောင်းတွေဟာ မွေးဖွားကြီးပြင်းတာတော့ ကိလေသာတွေ ထူ ထပ်တဲ့ ညွှန်တောထဲမှာပါ။ သို့သော် ရေနဲ့ တူတဲ့ ကုသိုလ်တရားတွေမှာပဲ ပျော်ကြပါတယ်။ ပွင့်တဲ့အခါမှာတော့ ကုသိုလ် အကုသိုလ်တရားတို့ လွန်မြောက်တဲ့အရပ်မှာ ပွင့်ထွန်းကြပါတယ်။ ထိုသို့ပွင့်ထွန်းကြလို့လည်း လောကကြီးကို တင့်တယ် စေခဲ့ပါတယ်။


ရေမှာပေါက်တဲ့ကြာကတောင် ရေကန်လှပအောင် အလှဆင်နိုင်ခဲ့ရင်၊ လောကအလယ် မွေးဖွားလာတဲ့ တို့တွေက လောကကြီး လှပအောင် တန်ဆာဆင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ကံဆိုးတဲ့သူတွေ့တဲ့ မိုးနဲ့ ကံကောင်းတဲ့ သူတွေ့တဲ့ ရေ … အတူတူပါပဲလို့ နားလည်ခဲ့ရင် လောကဓံ အဆိုးတွေနဲ့ပဲ ကြုံကြုံ၊ လောကဓံ အကောင်းတွေနဲ့ပဲ ဆုံဆုံ၊ တနည်းအားဖြင့် ကုသိုလ်ဖြစ်စရာနဲ့ပဲ ကြုံကြုံ၊ အကုသိုလ်ဖြစ်စရာနဲ့ပဲ ကြုံကြုံ ကုသိုလ်ဖြစ်အောင်များ ပြောင်းလဲပြီး ကောင်းမှုတရားဆိုတဲ့ ရေထဲမှာ ပျော်ခဲ့မယ်ဆိုရင် နိဗ္ဗာန်ဆိုတဲ့ကြာပန်းကြီးဟာလည်း ပွင့်လာမှာပါပဲ။ ထိုသို့သော ကြာပန်းပွင့်လာတာဟာ လောကကို အလှဆင်တာပါပဲလို့ ဆွေးနွေးရင်း နိဂုံးချုပ်ပါရစေ။


အားလုံးသော သတ္တ၀ါတွေ အမြင်လည်းရှင်း စိတ်လည်းရှင်း လက်ငင်းချမ်းသာကြပါစေ။
>>>Read more>>> >>

Monday 26 December 2011

ထေရဝါဒဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာ


လူအများ မကြာခဏ မေးလေ့ရှိသည့် မေးခွန်းတစ်ခုကို ဆွေးနွေးချင်ပါသည်။ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ ဘာကွာပါသလဲ? အကြောင်းအရာများကို မှန်ကန်သည့် ရှု့ဒေါင့်မှ ကြည့်မြင် သုံးသပ်နိုင် ရန်အတွက် ဗုဒ္ဓဘာသာ၏ သမိုင်းအစကို ပြန်လှန်ရပါမည်။ ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာတို့၏ အစနှင့် စည်ပင်ပြန့်ပွားလာမှုကို ခြေရာခံရပါမည်။
ဘီစီ ခြောက်ရာစုတွင် ဗုဒ္ဓမြတ်စွာ မွေးဖွားတော်မူခဲ့သည်။ မြတ်စွာဘုရားသည် သက်တော် ဆုံးဆယ့်ငါးနှစ်အရွယ် ဘုရားဖြစ်တော်မူချိန်မှ သက်တော် ရှစ်ဆယ်အရွယ် ပရိနိဗ္ဗာန်စံတော်မူချိန်အထိ တရားဒေသနာ ဟောကြားခြင်းဖြင့်သာ သူ့ဘဝကို မြှုပ်နှံခဲ့သည်။ လူ့သမိုင်းတွင် လုံးလဝီရိယအား အကြီးဆုံးပုဂ္ဂိုလ်ဟု ဆိုနိုင်ပါသည်။ လေးဆယ့်ငါးနှစ်ပတ်လုံး တစ်နေ့လျှင် နှစ်နာရီခန့်သာ အိပ်စက် အနားယူကာ နေ့ရောညပါ တရားဟောကြားခဲ့သည်။
မြတ်စွာဘုရားသည် မင်း၊ မင်းညီမင်းသား၊ ပုဏ္ဏား၊ သူကြွယ်၊ လယ်သမား၊ သူတောင်းစား၊ ပညာရှိစသည်ဖြင့် လူတန်းစားပေါင်းစုံနှင့် စကားပြောခဲ့၊ တရားဟောခဲ့သည်။ သူဟောသည့် တရားတော်တို့မှာ နာကြားသူ ပရိသက်၏ အတွေ့အကြုံ၊ နားလည်နိုင်မှုစွမ်းအား၊ စိတ်နေသဘောထားတို့နှင့် အံဝင်ခွင်ကျ ဖြစ်သည်ချည်းသာ။ သူဟောသည့် တရားတော်တို့ကို “ဗုဒ္ဓဝစန” “ဘုရားစကားတော်” ဟု ခေါ်ဆိုခဲ့၊ သုံးနှုံးခဲ့ပါသည်။ ထိုအချိန်က ထေရဝါဒ (သို့မဟုတ်) မဟာယာနဟု ခေါ်ဆိုသုံးနှုံးခြင်း မရှိခဲ့ပါ။

မြတ်စွာဘုရားသည် ဘိက္ခုသာသနာနှင့် ဘိက္ခုနီသာသနာနှစ်ရပ်ကို တည်ထောင်တော်မူပြီးနောက် ထိုသာသနာတော် နှစ်ရပ်လုံးကို ထိန်းကျောင်းနိုင်ရန် "ဝိနယ"ဟု ခေါ်ဆိုသည့် စည်းမျည်းစည်းကမ်းတို့ကို ချမှတ်တော်မူခဲ့သည်။ ကြွင်းကျန်သည့် မြတ်စွာဘုရား၏ တရားတော်မှန်သမျှကိုပင် "ဓမ္မ" ဟု ခေါ်ဆိုရပါသည်။ ထိုဓမ္မတွင် ရဟန်းတော်များ၊ ရဟန်းမများ၊ ဥပသကာ၊ ဥပသိကာများအား ဟောကြားခဲ့သည့် တရားတော် အားလုံး ပါဝင်သည်။

ပထမသင်္ဂါယနာ

မြတ်စွာဘုရားပရိနိဗ္ဗာန်စံအပြီး သုံးလအကြာ ဘုရားရှင်၏ တပည့်သာဝကကြီးများသည် ရာဇင်္ဂြိုလ်ပြည်တွင် ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ အများက လေးစားကြည်ညိုကြသည့် အရှင်မဟာကဿပမှ သင်္ဂါယနာကို ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ဓမ္မနှင့်ဝိနယဟူသော နယ်ပယ်နှစ်ခုကို အထူးပြု လေ့လာခဲ့ပြီး အာဂုံဆောင်သူ အာဂပုဂ္ဂိုလ်ကျော် နှစ်ပါးလည်း တက်ရောက်ခဲ့သည်။ တစ်ပါးမှာ နှစ်ဆယ့်ငါးနှစ်လုံးလုံး ဘုရားရှင်၏ ဝတ်ကြီးဝတ်ငယ်တို့ကို အနီးကပ် ပြုစုခဲ့သူ၊ ဘုရားရှင်နှင့် အနီးဆုံးနေရာတွင် နေထိုင်ခဲ့သူ အရှင်အာနန္ဒာဖြစ်သည်။ အံဖွယ် မှတ်ဉာဏ်ရှင် အရှင်အာနန္ဒာမှာ မြတ်စွာဘုရား ဟောကြားခဲ့သမျှ တရားတော်တို့ကို အာဂုံဆောင်နိုင်သူ ဖြစ်သည်။ အခြား အာဂပုဂ္ဂိုလ်တစ်ဦးမှာ ဝိနည်း ပညက်တော်အားလုံးကို မှတ်မိသူ အရှင်ဥပါလိပင် ဖြစ်သည်။

ပထမသင်္ဂါယနာတွင် ဓမ္မနှင့်ဝိနယဟူသော ကဏ္ဍကြီးနှစ်ခုသာ ရွက်ဆို သင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ ဓမ္မနှင့် ပက်သက်၍ ကွဲပြားခြားနားသည့် အမြင်မရှိခဲ့သော်လည်း (အဘိဓမ္မာအကြောင်း မဖော်ပြခဲ့) ဝိနည်းနှင့် ပက်သက်၍မူ ဆွေးနွေးစရာအချို့ ရှိခဲ့သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်မစံခင် ဘုရားရှင်သည် အရှင်အာနန္ဒာအား “သံဃာက အလိုရှိခဲ့ပါမူ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ် (သိက္ခာပုဒ် အသေးစား) တို့ကို ဖြုတ်ပယ်နိုင်ကြောင်း” မိန့်တော်မူခဲ့သည်။ ထိုစဉ်က မြတ်စွာဘုရားမှာ ပရိနိဗ္ဗာန် စံတော်မူခါနီးဖြစ်၍ အရှင်အာနန္ဒာ၏ရင်တွင် သောကတို့ဖြင့် ပြည့်လျှမ်းနေခဲ့သည်။ ထို့ကြောင့် ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်ဆိုသည်မှာ အဘယ်သိက္ခာပုဒ်တို့ဖြစ်ကြောင်း မြတ်စွာဘုရားကို မေးမြန်းရန် မေ့လျော့နေခဲ့သည်။ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တို့နှင့် ပက်သက်၍ သင်္ဂါယနာတင် မထေရ်တို့အကြား သဘောမတူနိုင်ဘဲရှိရာ အရှင်မဟာကဿ မထေရ်မြတ်ကြီးက ဘုရားပညက်ခဲ့သည့် သိက္ခာပုဒ်တို့ကို ပြင်ဆင်ခြင်း မပြုရန်နှင့် သိက္ခာပုဒ် အသစ်တို့ကိုလည်း ဖြည့်စွက်ထည့်သွင်းခြင်း မပြုရန် နောက်ဆုံး ဆုံးဖြတ်ချက် ပေးတော်မူခဲ့ပါသည်။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မပေးခဲ့သော်လည်း စကားတစ်ခွန်းကိုတော့ အရှင်မဟာကဿပ မထေရ် ပြောခဲ့သည်။ “တပည့်တော်တို့အနေနှင့် ဝိနည်း ပညက်တော်တို့ကို ပြင်ဆင်ကြမည်ဆိုလျှင် လူတို့ ပြောဆိုစရာ ဖြစ်လိမ့်မည်။ သူတို့ဆရာသခင်၏ ခန္ဓာကိုယ် မီးရှို့ရာ လောင်တိုက်မှ မီးမဆဲခင် ဂေါတမဘုရားရှင်၏ တပည့်တို့သည် ဝိနည်း သိက္ခာပုဒ်တို့ကို ပြင်ဆင်ကြလေပြီ”

ပထမသင်္ဂါယနာအပြီး ဓမ္မကို နိကာယ်အလိုက်ခွဲကာ နိကာယ် တစ်ခုချင်းစီအတွက် မြတ်စွာဘုရား၏ သာဝကကြီး တစ်ပါးစီနှင့် ၎င်း၏ တပည့်တို့ကို အာဂုံဆောင်ရန် တာဝန်ခွဲပေးလိုက်ပါသည်။ ဤသို့ဖြင့် ဓမ္မကို အာဂုံဆောင်ကာ ဆရာစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည်။ နှုတ်ပယ်ခြင်း၊ ဖြည့်စွတ်ခြင်းမပြုနိုင်ရန် အချင်းချင်း ပြန်လည်တိုက်ဆိုင် စစ်ဆေးကာ ဓမ္မကို အုပ်စုလိုက် နေ့စဉ် အာဂုံရွက်ဆိုခဲ့ကြသည်။ ဖြစ်စဉ်တစ်ခုကို နှစ်ပေါင်း များစွာကြာမှ ပုဂ္ဂိုလ်တစ်ဦးတည်းက မှတ်မိသလောက် ရေးသားထားသည့် မှတ်တမ်းထက် ဆရာစဉ်ဆက် အာဂုံဆောင်သည့် အလေ့အထက ပို၍ ယုံကြည်ကိုးစားနိုင်ကြောင်း သမိုင်းပညာရှင်တို့မှ သဘောတူကြသည်။

ဒုတိယသင်္ဂါယနာ

နှစ်ပေါင်း တစ်ရာအကြာ, ဝိနည်းသိက္ခာပုဒ်အချို့ကို ဆွေးနွေးရန် ဒုတိယသင်္ဂါယနာကို ကျင်းပခဲ့သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး သုံးလအကြာတွင် ပြုလုပ်သည့် ပထမသင်္ဂါယနာ တင်ချိန်တွင် ဝိနည်း သိက္ခာပုဒ်တို့ကို ပြင်ဆင်ဖြည့်စွတ်ရန် မလိုခဲ့ပါ။ ထိုတိုတောင်းလှသော အချိန်အတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအရ ပြောင်းလဲမှုဖြစ်စဉ် အနည်းအကျဉ်းသာ ရှိနိုင်သောကြောင့်ပင်။ နှစ်ပေါင်း တစ်ရာ အကြာမှာတော့ ရဟန်းအချို့သည် သိက္ခာပုဒ် အငယ်စားတို့ကို ပြင်ဆင်ရန် လိုအပ်ကြောင်း ယူဆလာကြသည်။ ရှေးရိုးစွဲ ရဟန်းတော်တို့က မည်သည့်သိက္ခာပုဒ်ကိုမျှ ပြင်ဆင်ခြင်း မပြုသင့်ကြောင်း ပြောဆိုကြသည်။ နောက်ဆုံးမှာတော့ ရဟန်းတော်တစ်စုသည် သင်္ဂါယနာမှ ဖဲခွါကာ မဟာသံဃိကဂိုဏ်းကို တည်ထောင်ခဲ့ကြသည်။ မဟာသံဃိကဟု ခေါ်ဆိုခဲ့သော်လည်း မဟာယာနဟု သုံးနှုံးခဲ့ခြင်း မရှိပါ။ ဒုတိယသင်္ဂါယနာ၌ ဝိနည်းပိဋကတ်တွင် ပါရှိသည့် အကြောင်းအရာအချို့တို့ကိုသာ ဆွေးနွေးခဲ့ကြပြီး ဓမ္မနှင့် ပက်သက်၍မူ အငြင်းပွားစရာ တစုံတရာ ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ခြင်း မရှိပါ။

တတိယသင်္ဂါယနာ

ဘီစီသုံးရာစု၊ အသောကမင်းလက်ထက်တွင် ဗုဒ္ဓဘာသာဂိုဏ်းအသီးသီးရှိ ရဟန်းတော်တို့အကြား ကွဲပြားနေသည့် အမြင်တို့ကို ဆွေးနွေးနိုင်ရန် တတိယသင်္ဂါယနာ တင်ပွဲကို ကျင်းပခဲ့သည်။ ဤတတိယသင်္ဂါယနာအတွင်း ဆွေးနွေးမှုသည် ဝိနည်း ပညက်ချက်တို့နှင့် ပက်သက်သည့် အကြောင်းအရာတို့သာ မကတော့ဘဲ ဓမ္မနှင့် ပက်သက်သည့် အချက်အလက်တို့ပါ ပါဝင်လာသည်။ သင်္ဂါယနာအဆုံးတွင်တော့ ဦးစီးနာယက အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်သည် ဂိုဏ်းအသီးသီးတို့၏ မှားယွင်းသော အမြင်၊ အယူအဆတို့ကို ရှင်းလင်းချက်ထုတ်ကာ ငြင်းပယ်သည့် ကထာဝတ္ထုကျမ်းကို ပြုစုတော်မူခဲ့သည်။ တတိယသင်္ဂါယနာတွင် လက်ခံ အတည်ပြုခဲ့သည့် ဗုဒ္ဓတရားတော်တို့သည်ပင် ထေရဝါဒအဖြစ် ထင်ရှားခဲ့ပေသည်။ တတိယသင်္ဂါယနာမှ အဘိဓမ္မာကို ပိဋကတ်တစ်ပုံအဖြစ် သက်မှက်ကာ ပိဋကတ်ထဲ ထည့်သွင်းခဲ့ပါသည်။

တတိယသင်္ဂါယနာအပြီး အသောကမင်းကြီး၏ သားတော် ရှင်မဟိန္ဒသည် တတိယသင်္ဂါယနာတွင် စုပေါင်းရွက်ဆို အတည်ပြုခဲ့သည့် ပါဠိတော်တို့ကို ၎င်းတို့၏ အဋ္ဌကထာတို့နှင့်အတူ သီရိလင်္ကာနိုင်ငံသို့ ယူဆောင်လာခဲ့သည်။ သီရိလင်္ကာသို့ သယ်ဆောင်ခဲ့သည့် ပိဋကတ်သုံးပုံကို တစ်လုံးတစ်ပါဒမျှ မယွင်းစေဘဲ ယနေ့တိုင် ထိမ်းသိမ်း စောင့်ရှောက်ခဲ့ပေသည်။ ထိုကျမ်းစာတို့ကို မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က အသုံးပြုခဲ့သည့် မာဂဓီဘာသာကို အခြေခံသော ပါဠိဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ထိုအချိန်က မဟာယာနဟူ၍ ထင်ရှားမရှိသေးပါ။

မဟာယာန စတင်ပေါ်ပေါက်လာပုံ

ဘီစီ တစ်ရာစုနှင့် အေဒီ တစ်ရာစုအတွင်း သဒ္ဓမ္မပုဏ္ဏရိကာကျမ်း၌ ထေရဝါဒနှင့် မဟာယာနဟူသော အသုံးအနှုံး နှစ်မျိုး တွေ့လာရသည်။ အေဒီနှစ်ရာစုတွင်တော့ မဟာယာနဟူသော အသုံးအနှုံးကို ထင်ထင်ရှားရှား အသုံးပြုလာသည်ကို တွေ့ရသည်။ နာဂဇုနမထေရ်သည် သူ၏ မဓျာမိကကာရိကာဟူသော ကျမ်းငယ်တွင် အရာရာတိုင်းသည် သုညတဖြစ်သည်ဟူသော အတွေးအခေါ်အယူအဆကို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့သည်။ အေဒီ လေးရာစုတွင် အာစင်္ဂနှင့် ဝသုဗန္ဓုတို့သည် မဟာယာနနှင့် ပက်သက်သော စာပေကျမ်းဂန် အများအပြားကို ရေးသားခဲ့ကြသည်။ မဟာယာနအဖြစ် ထင်ထင်ရှားရှား ပေါ်လာသည့် အေဒီတစ်ရာစုတွင်မှ မဟာယာနနှင့် ဟီနယာနဟူသော အသုံးအနှုံးနှစ်ခုကို စတင် သုံးစွဲလာကြခြင်း ဖြစ်သည်။

ကျွန်ုပ်တို့အနေနှင့် ဟီနယာနနှင့် ထေရဝါဒကို အတူတူဟု မှတ်ထင်မထားအပ်ပေ။ ထိုဝေါဟာရနှစ်ခုမှာ အသုံးအနှုံး တူညီခြင်း မရှိသည်ကို သတိပြုရမည် ဖြစ်သည်။ ထေရဝါဒဗုဒ္ဓသာသာသည် မဟာယာနဗုဒ္ဓဘာသာ လုံးဝ မပေါ်ပေါက်သေးသည့် ဘီစီ သုံးရာစုတွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ဟီနယာနဂိုဏ်းသည် အိန္ဒိယနိုင်ငံတွင် စည်ပင်ပြန့်ပွားခဲ့သည်။ သီရိလင်္ကာတွင် တည်ရှိခဲ့သည့် ဗုဒ္ဓဘာသာပုံစံနှင့် သီးသန့် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ ယနေ့အချိန်တွင် ဟီနယာနဗုဒ္ဓဘာသာကို ကမ္ဘာ့ မည်သည့်နေရာတွင်မှ တွေ့နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားစသော နိုင်ငံတို့တွင် ယနေ့ ကျင့်သုံးနေသည့် ထေရဝါဒဗုဒ္ဓဘာသာကို ပြောဆို ရည်ညွှန်းကြသောအခါ ဟီနယာနဟူသော အသုံးအနှုံးကို မသုံးကြရန် ကိုလံဘိုမြို့တွင် ၁၉၅၀-ခုနှစ်က ကျင်းပခဲ့သည့် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များညီလာခံက တညီတညွှတ်တည်း ဆုံးဖြတ်ချက် ချခဲ့ကြခြင်း ဖြစ်သည်။ ဤသည်ပင် ထေရဝါဒဗုဒ္ဓဘာသာ၊ မဟာယာနဗုဒ္ဓဘာသာနှင့် ဟီနယာနဗုဒ္ဓဘာသာတို့၏ သမိုင်းအကျဉ်း ဖြစ်သည်။

ထေရဝါဒနှင့်မဟာယာန
ထေရဝါဒနှင့် မဟာယာနတို့၏ ကွဲပြားခြားနားချက်တို့ကို ကြည့်ကြစို့။ ကျွန်ုပ်အနေနှင့် မဟာယာန ဗုဒ္ဓဘာသာကို နှစ်ပေါင်းများစွာ လေ့လာခဲ့သည်။ လေ့လာလေလေ ဗုဒ္ဓဘာသာ၏ အဓိကတရားတော်တို့နှင့် ပက်သက်၍ ထေရဝါဒနှင့် မဟာယာနတို့အကြား ကွဲပြားခြားနားချက်ကို ရှာရန် ခက်လေလေ ဖြစ်သည်။

၁။ ဗုဒ္ဓဘာသာနှစ်ခုလုံးက မြတ်စွာဘုရားကို သူတို့၏ ဆရာအဖြစ် လက်ခံကြသည်။
၂။ သစ္စာလေးပါးတရားတော်မှာလည်း တစ်လုံးမကျန် အားလုံး အတူတူပင်။
၃။ မဂ္ဂင်ရှစ်ပါးမှာလည်း ချွတ်ဆွတ်တူသည်။
၎။ ပဋိစ္စသမုပ္ပါဒ်တရားတော်မှာလည်း တူသည်။
၅။ ကမ္ဘာလောကကြီးကို တစ်စုံတစ်ယောက်က ဖန်ဆင်းအုပ်ချုပ်နေသည်ဟူသော အယူအဆကိုလည်း နှစ်ဂိုဏ်းလုံးက ပယ်ကြသည်။
၆။ ဗုဒ္ဓဘာသာနှစ်ခုလုံးက အနိစ္စ၊ ဒုက္ခ၊ အနတ္တနှင့် သီလ၊ သမာဓိ၊ ပညာတို့ကို ကွဲပြားမှုမရှိဘဲ လက်ခံကြသည်။

အထက်ပါ တရားတော်တို့မှာ ဗုဒ္ဓဘာသာ၏ အခြေခံအကျဆုံး၊ အရေးကြီးဆုံး တရားတော်များ ဖြစ်ကြသည်။ ထိုတရားတော်အားလုံးကိုပင် နှစ်ဂိုဏ်းလုံးက ယုံမှားသံသယမရှိဘဲ လက်ခံထားကြသည်။

ကွဲပြားသည့် အချက်အချို့လည်း ရှိပါသေးသည်။ သိသာထင်ရှားသည့် အချက်မှာ ဘုရားလောင်း အယူအဆ ဖြစ်သည်။ မဟာယာနဗုဒ္ဓဘာသာသည် နောက်ဆုံး ဘုရားအဖြစ်ကို ဦးတည်သည့် ဘုရားလောင်းဝါဒကို လက်ခံပြီး ထေရဝါဒက ရဟန္တာဖြစ်ရေးကိုသာ အဓိကထားသည်ဟု လူအများက ပြောဆိုကြသည်။ ကျွန်ုပ်အနေနှင့် မြတ်စွာဘုရားသည်ပင် ရဟန္တာတစ်ပါး ဖြစ်ကြောင်း ထောက်ပြလိုပါသည်။ ပစ္စေကဗုဒ္ဓါနှင့် ဘုရားရှင်၏ တပည့် သာဝကတစ်ဦးသည်လည်း ရဟန္တာများပင် ဖြစ်ကြသည်။ မဟာယာန ကျမ်းစာများက ဟီနယာနဟူသော အသုံးအနှုံးကို အသုံးပြုလေ့ မရှိကြပါ။ ၎င်းတို့က ဗောဓိသတ္တယာန၊ ပစ္စေကဗုဒ္ဓယာန၊ သာဝကယာနဟူသော သုံးမျိုးသာ အသုံးပြုကြသည်။ ထေရဝါဒမှာတော့ ထိုသုံးမျိုးကို (ယာနအစား) ဗောဓိ-ဟု ခေါ်ဝေါ်သုံးနှုံးပါသည်။

အချို့သူများက ထေရဝါဒမှာ တစ်ကိုယ်ကောင်းဆန်သည်ဟု တွေးတောလေ့ ရှိကြသည်။ သူတို့က ထေရဝါဒမှာ ကိုယ့်ဘဝလွတ်မြောက်မှုအတွက် အားထုတ်ရေးသည်သာ အဓိကကျကြောင်း သင်ကြားလေ့ရှိသည်ကို အကြောင်းပြကြသည်။ သို့သော် ၎င်းတို့ စဉ်းစားရမည်မှာ တစ်ကိုယ်ကောင်းဆန်သူ တစ်ယောက်အနေနှင့် နိဗ္ဗာန်ကို မည်သို့ ရရှိနိုင်ပါမည်နည်း။ နှစ်ဂိုဏ်းလုံးက ယာနသုံးမျိုး (သို့မဟုတ်) ဗောဓိသုံးမျိုးကို လက်ခံကြသည်။ ဘုရားလောင်းလမ်းစဉ်ကို အမြင့်ဆုံးအဖြစ် သက်မှတ်ကြသည်။ မဟာယာနဗုဒ္ဓဘာသာသည် ပုံပြင် ဒဏ္ဍာရီဆန်သည့် ဘုရားလောင်းများစွာ တီထွင်ခဲ့သည်။ ထေရဝါဒက ဘုရားလောင်းကို နောက်ဆုံးပန်းတိုင်ဖြစ်သည့် ဘုရားအဖြစ်သို့ ရောက်ရှိရန် ပါရမီဖြည့်ရင်း လူသားအားလုံးတို့၏ အကျိုးစီးပွားအတွက် ဘဝတစ်ခုလုံး မြှုပ်နှံထားသူ လူသားတစ်ဦးအဖြစ်သာ ရှု့မြင်သည်။

ဗုဒ္ဓအမျိုးအစား

ကိုယ်ပိုင်အားထုတ်မှုနှင့် ကိုယ်ပိုင်အသိဉာဏ်ဖြင့် နိဗ္ဗာန်ကို သိမြင်သူ သမ္မာသမ္ဗုဒ္ဓ၊ နိဗ္ဗာန်ကို ကိုယ်တိုင် သိမြင်သော်လည်း မြတ်စွာဘုရားထက် အရည်အချင်းနိမ့်သူ ပစ္စေကဗုဒ္ဓါနှင့် ဘုရားရှင်၏ တပည့်သားတော် ရဟန္တာဖြစ်သူ သာဝကဗုဒ္ဓဟူ၍ ဗုဒ္ဓသုံးမျိုးရှိပါသည်။ ထိုဗုဒ္ဓသုံးမျိုးလုံး ရရှိခံစားရသည့် နိဗ္ဗာန်မှာ အတူတူပင် ဖြစ်သည်။ ကွဲပြားခြားနားသည်မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် အခြားဗုဒ္ဓနှစ်ပါးထက် အရည်အချင်းနှင့် စွမ်းဆောင်ရည် သာလွန်ခြင်းပင် ဖြစ်ပါသည်။

အချို့သူများက နာဂဇုနမထေရ် ဆွေးနွေးတင်ပြခဲ့သည် သုညတတရားတော်မှာ မဟာယာန သင်ကြားချက် စစ်စစ်ဖြစ်ကြောင်း ထင်မြင်ယူဆကြသည်။ အမှန်တကယ်တော့ မူရင်း ထေရဝါဒကျမ်းစာတို့တွင် တွေ့နိုင်သည့် ပဋိစ္စသမုပ္ပါဒ်ကို အခြေခံသော အနတ္တတရားတော်ကို မှီးကာ ထိုသုညတအယူအဆကို ရေးသားခဲ့ခြင်း ဖြစ်သည်။

တစ်ခါကသော် အရှင်အာနန္ဒာက မြတ်စွာဘုရားကို မေးလျောက်ခဲ့သည်။ “သုညတဟူသော စကားကို လူအများ ပြောဆိုကြပါသည်။ သုညတဆိုတာ ဘာကို ခေါ်တာပါလဲဘုရား” “အာနန္ဒာ, ပုဂ္ဂိုလ်၊ သတ္တဝါဆိုတာ မရှိဘူး။ လောကမှာ ငါ့ဥစ္စာဆိုတဲ့ သဘောတရားလဲ မရှိ။ ဒါ့ကြောင့် လောကကြီးက အနှစ်သာရမဲ့နေတယ်” ဟု မြတ်စွာဘုရားက ပြန်လည် ဖြေကြားခဲ့သည်။ နာဂဇုနမထေရ်သည် ထိုအယူအဆကို ကျောရိုးပြုကာ ထင်ရှားကျော်ကြားသည့် မဓျာမိကကာရိကာဟူသော ကျမ်းစာကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သုညတဝါဒမှာ ထေရဝါဒကျမ်းစာတို့ကို အခြေခံသည့် မဟာယာနဗုဒ္ဓဘာသာ၏ အာလယ၀ိညာဏ အယူအဆသာ ဖြစ်ပေသည်။ မဟာယာနဗုဒ္ဓဘာသာက ထိုအယူအဆကို နက်နဲသည့် ဒဿနိကနှင့် စိတ်ပညာအဖြစ် တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။
>>>Read more>>> >>

Thursday 8 December 2011

ဘိုးသူတော်ဦးနုရဲ့ဆုံးမစာ


- အယုတ်တ၇ားကိုလည်း အလိုမရှိ နှင့် မဟုတ်စကားကိုလည်း မဆိုဘိနှင့်
  အယုတ်တရားကိုအလိုရှိက ဘဂဝါ၏ စကားကို ပယ်ရာကျသည်။ မဟုတ်စကားကိုဆိုဘိက သမာဓိတ၇ားကို ပြယ်ရာကျသည်။

-အထက်ကိုလည်း မလှမ်းပါနှင့် အပျက်ကိုလည်းမမှန်းပါနှင့်။
  အထက်ကိုလှမ်းက အခက်အခဲကြောင့် ပမ်းရသည်။ အပျက်ကိုမှန်းက အရှက်အမဲကြောင့် နွမ်းရသည်။

-မျက်စိမြင်ချင်လို့ ငရဲမီးမခတ်နှင့် လက်ရှိလင်ကို လည်း သရဲကြီးမမှတ်နှင့် ။
  မျက်စိမြင်ချင်လို့ ငရဲမီးခေတ်တော့ မျက်လုံးအိမ်မှာ ကွဲတတ်သည် ။ လက်ရှိလင်ကိုသရဲကြီးမှတ်တော့ တစ်သက်လုံးအိမ်ထောင်ပျက်တတ်တယ်။
 

-ဇီးပြားကိုလည်း အပိုမကြိုက်နှင့် ရည်းစားကိုလည်း အလိုမလိုက်နှင့် ။
  ဇီးပြားကို အပိုကြိုက်တော့ သွားကြိမ်းလို့ ဝမ်းပျက်မယ် ။ ရည်းစားကိုအလိုလိုက်တော့ အမှားတိမ်းလို့ ပန်းပျက်မယ် ။

- လိမ်မော်သီးအစိမ်းကိုလည်းမစားနှင့် အချိန်မတော်ကြီးချိန်းတာမသွားနှင့်
   လိမ်မော်သီးအစိမ်းစားမိတော့ ချဉ်ဖန်ဖန်နဲ့ ခါးတတ်တယ် ။ အချိန်မတော်ကြီးချိန်းတာသွားမိတော့ရည်ငံမှုနဲ့ မှားတတ်တယ် ။

- အလိုကြီးလို့ ငွေရှာမလောနဲ့ ဒုတ်ခရတတ် ပွေတတ်တယ်။
-အကိုကြီးအရွယ်မို့ မေကညာမေ၇ာနဲ့ မုချ အရှက် ကွဲတတ်တယ် ။

-ငွေရှိတိုင်းလည်း အရမ်းမကြွားနဲ့ လှောင်ရယ်မှုနဲ့ ကဲ့ရဲ့မယ်။
-အမေ မသိတိုင်းလည်း လမ်းတကာမသွားနဲ့ အောင်သွယ်ကောင်းလို့ ညားတတ်တယ်။

-တဲအိုနားလည်း ထမင်းအိုးမတည်နဲ့ မတော်တဆမီးလောင်မယ်။
-ခဲအိုနားလည်း အပျင်းကြောမဖြေနဲ့ မတော်ခဏ ပျက်ကြမယ် ။

-ခရီးမောလို့ မြက်ပုံမလူးနဲ့ မြက်မွှေးစူးလို့ ယားတတ်တယ်။
-သမီးချောလို့ သမက်ကုန်မကူုးနဲ့ သားမက်ခလေးတွေ များတတ်တယ်။

-အိပ်ချင်တိုင်းလည်းမငိုက်နဲ့ အချောင်းအနှိုက်ခံရမယ် ။
-စိတ်ဝင်စားတိုင်းလည်း မကြိုက်နဲ့ အမြှောင်မယားဖြစ်တတ်တယ် ။
>>>Read more>>> >>

Sunday 27 November 2011

မိဘကိုသားသမီးများမပြစ်မှားနဲ့...

                               
ယနေ့ခေတ်ဟာ အိုင်တီခေတ် ၊ နည်းပညာခေတ် ဟုပြောနေကြသည့်အတိုင်း သိပ္ပံ ပညာ ၊ စက်မှုလက်မှုနည်းပညာ ထွန်းကားတိုးတက်မှုမှာ အံ့မခန်း ပင်ဖြစ် ပါတယ်။ ထိုတိုးတက်နေသော ၊ အသစ်အသစ်သော နည်းပညာများနောက်သို့ အမီလိုက်နိုင်ကြသူအများစုမှာ လူငယ်များဖြစ်သည့်အလျောက် ယနေ့ခေတ်လူငယ်များသည် လူကြီးများထက် ကွန်ပျုတာ နည်းပညာ ပိုမိုတတ်မြောက်ကြတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ တက်စရာ သင်တန်းတွေ ၊ ဆည်းပူးစရာ ပညာရပ်တွေကလည်း မကုန်နိုင် ၊ မခမ်းနိုင်ပေပဲမို့ လူငယ်တွေကိုကြည့်လိုက်ရင် အမြဲအလုပ်ရှုပ် ၊ အနားမနေကြရပါဘူး။ အထက်တန်းအောင်ပြီ ဆိုတာ နဲ့ အင်္ဂလိပ်စာ သင်တန်းတွေတက် ၊ ကွန်ပျုတာ ၊ စာရင်းကိုင်သင်တန်းတွေတက် နဲ့ ဘ၀တိုးတက်မှု ကိုရှာဖွေနေကြပါတယ်။



သင်တန်းဆင်းလက်မှတ်ရပြီးရင် အလုပ်ရှာ ၊ တက္ကသိုလ် မတက်ခင်ကတည်းကကိုပဲ အလုပ်အကိုင်နဲ့ဖြစ်နေကြပါပြီ။ အသက်ငယ်ငယ်လေးတွေနဲ့ ကိုယ့်ဝင်ငွေလစာ လေးတွေနဲ့ဖြစ်နေကြတာ ချီးကျုးစရာပါပဲ။ မိသားစု တာဝန်ကို ၀င်ထမ်းကြတာ သိတတ်ကြတာ အင်မတန် ကိုကောင်းပါတယ်။ မိဘ များအနေနဲ့ကလည်း ကိုယ့်သားသမီးအတွက် အင်မတန် ဂုဏ်ယူကြတာလေ။ ကျွန်တော်သားကတော့ဖြင့် ဘယ်ကုမ္မဏီ ကြီး မှာ ပေါ့။ ကျွန်မ သားက ကွန်ပျုတာပရိုဂရမ်မာလေ။ သမီးက ဘယ်ရုံးမှာ စာရင်းကိုင်လေ နဲ့ ပြောရတာ အင်မတန်ကိုဂုဏ်ရှိပါပေတယ်။ အလုပ်က အိုဗာတိုင် ဆိုလည်း အိမ်ပြန်နောက်ကျတဲ့ သမီးကို လမ်းထိပ်ထွက်မျှော် စောင့် တဲ့ မိဘ ၊ သမီးထမင်းချိုင့်အတွက် နံနက်အစောကြီး ထ ချက်ပြုတ်တဲ့ အမေ ကိုမောသလားလို့မေးရင် မမောဘူးပဲဖြေကြမှာပါ။ သား ပညာတတ်ကြီး ၊ သမီးပညာတတ်ကြီးတွေအတွက်ဂုဏ်ယူနေကြတဲ့ မိဘတွေ ပီတိတွေနဲ့ပေါ့။ လူငယ်တွေဘက်ကကျတော့လည်း အသက်ငယ်ငယ်လေးနဲ့ လုပ်ငန်းတာဝန် တွေထမ်းဆောင် ၊ ပညာအကြီးကြီးတွေတတ်နေလေတော့ မာန်လေး နည်းနည်း ရှိလာပြီလေ။ လူငယ်မာန နဲ့ ငါ ဆိုတာလေးတွေဖြစ်လာကြပြီ။ မိဘ က ငယ်စဉ် ကတည်းကကျွေးမွေးပြုစု ပညာသင်ပေးလို့ ဒီနေ့ ဒီအချိန်မှာ ဒီလိုဖြစ်နေတာကို မေ့တေ့တေ့ဖြစ်နေကြပြီ။ ငါ တော်လို့ ၊ ငါတတ်လို့ ဆိုပြီး လက်မလေး တွေ ထောင်ချင်နေကြပြီလေ။ အလုပ်ကပင်ပန်း၊ စိတ်ကရှုပ်နဲ့ အိမ်မှာဆို မိဘ ကိုစကား ကောင်းကောင်း မပြောချင်တော့ဘူး။ အမေ ၊ အဖေက မေးတာကိုပဲ စိတ်တိုနေပြီ။ မိဘ ဆိုတော့လည်း ကိုယ့်သားသမီး ဘယ်သွားမယ် ၊ ဘယ်လာမယ် သိချင် ၊ စိတ်ပူတာပေါ့။ ရုံးပိတ်ရက်လေးမှာ အပြင်ထွက်ဖို့ပြင်ဆင်နေတဲ့ သမီး ၊ သားကို ဘယ်သွားမလို့လဲ မေးမိရင် ကလေးတွေက မကြိုက်ချင်တော့ဘူး။

များသောအားဖြင့် အသက်၂၀ကျော်လူငယ်လေးတွေဟာ အဖေ နဲ့ အဆင်မပြေဖြစ်ကြတာများတယ်။ ဖခင် ဆိုတာ အိမ်ထောင်ဦးစီး မို့ အားလုံးကရိုသေ ပြီးနေကြတာမှာ အဖေ က ပင်စင် စားဖြစ်တဲ့အချိန် ၊ သား သမီးက အလုပ်အကိုင်ရှိတဲ့အချိန်မှာ ဖခင်နဲ့ သားသမီး သဘောကွဲမှုလေး တွေ ဖြစ်လာတယ်။ ဖခင်ဘက်ကလည်း သူရှာဖွေကျွေးမွေးပြုစုလာတဲ့ သားသမီးက ခုလို သူ ငွေမရှာနိုင်တော့တဲ့အချိန်မှာ မလေးစားတော့တာလို့ အမြင်ဖြစ်ပြီး သားသမီးဘက်ကကျတော့လည်း အဖေက နေရာတကာ ၀င်ပါနေတယ် လို့ ထင်ကြပြန်ရော။

အလုပ်ထဲမှာလည်း အနည်းနဲ့ အများဆိုသလို စိတ်တင်းကြပ်မှုလေးတွေ ၊ စိတ်ဖိစီးမှုလေးတွေ ရှိနေလေတော့ အိမ်ပြန်ရောက်ရင် မိဘ နဲ့စကားပြော ရာမှာ ဘောက်ဆတ်ဆတ် ဖြစ်ကုန်ကြပြီ။ အလုပ်မှာကကြောက်ရမယ့်သူတွေ ၊ အထက်လူကြီးတွေ ၊ စီနီယာတွေ နဲ့မို့ ဒေါသ ကိုထိန်းချုပ်ထားရတာတွေ အိမ်ပြန် ရောက်ရင် ပေါက်ကွဲပြီလေ။ အဲသည်တော့ မိဘ နဲ့ သားသမီး ကြား နားလည်မှုလေးတွေက လွဲပြီပေါ့။ လူငယ်တွေကလည်း မိဘတွေက သူတို့ကို နားလည်မပေးဘူး လို့ မြင်ကြပြီး မိဘတွေဘက်ကကျတော့လည်း ကလေးတွေ့က ရှာနိုင်ဖွေနိုင်တဲ့အခါမို့ မောက်မာနေကြပြီ လို့ ထင်ကြတယ်။

နောက်တစ်ခုက လုပ်တိုင်းမဖြစ်တဲ့ အနေအထားတွေ အလုပ်ထဲမှာ ရှိတယ်လေ။ လူငယ်တွေက တိုးတက်ချင်တယ်။ ကြိုးစားတယ် ။ ဒါပေမဲ့ ကြိုးစား သလောက်အရာမရောက်ဘူး။ အချိန်မတိုင်သေးလို့ မဖြစ်သေး တာလည်း ဖြစ်မှာပဲ။ လူငယ်ဆိုတာက အမြဲ ဘ၀ တိုးတက်ရေးလမ်း ရှာဖွေနေတဲ့သူတွေ။ ရည်မှန်းချက်ကြီး ၊ မျှော်လင့်ချက်ကြီးကြီး နဲ့ ကြိုးစားပေမယ့် ထင်သလောက်ဖြစ်မလာတဲ့အခါ စိတ်ဓါတ်ကျ သွားတာလည်းရှိတယ်။ အဲသည်လို အချိန်တွေမှာ အိမ်မှာ မိဘ နဲ့ ပိုလို့ အဆင်မပြေတော့ဘူး။ ဘယ်သူက ဘာပဲပြောလိုက် ပြောလိုက်အကောင်းကိုမမြင်တော့ဘူးလေ။ အလိုလို စိတ်တိုနေတတ်ရော။ တကယ်တန်းကျတော့ အဲသည်လို လုပ်တိုင်းမဖြစ်၊ မှန်းထားတိုင်း မဖြစ်တာတွေဟာ ငရဲကြီးတာပါ။

လူတွေထင်ကြတာက ငရဲကြီးတယ်ဆိုတာ ခုဘ၀က သေလွန်တဲ့အခါမှာ အ၀ီစိ ငရဲကိုကျပြီး ငရဲသားတွေ ဆီပူအိုးကြီးထဲမှာ ထည့်ကြော်တာကို ခံရတာလို့။ ပြန်စဉ်းစားကြည့်ရင် မိဘ ကို မချေမငံပြန်ပြောမိတာလေးတွေ ၊ အမေ ကလည်းဗျာ ရှုပ်လိုက်တာ....အဖေကလည်း ဒါလေးတောင် မသိဘူးလားလို့ မောက်မောက်မာမာ ပြောမိတာလေးတွေက ကံကြီးထိုက်ပြီး ကိုယ်ဖြစ်လိုရာ ဆန္ဒ္ဒတွေက မပြည့်တော့တာလေ။ မိဘ စိတ်ဆင်းရဲ သွားတာမျိုး၊ စိတ်ခု သွားတာမျိုး ဖြစ်စေတဲ့ သားသမီးဟာ ဘ၀မှာ ဘာတွေပဲ လုပ်လုပ် ကိုယ်မှန်းသလောက်အဆင်မပြေပါဘူး။ မယုံဘူး ဆိုရင် အောင်မြင်နေတဲ့ လူငယ်လေးတွေ ကိုလှမ်းကြည့်လိုက်ပါ။ မိဘ နဲ့ပြောဆို ဆက်ဆံရာမှာ သိမ်မွေ့ ပြီး မိဘ စကားနားထောင်တဲ့ လူငယ်လေးတွေသာပဲ အောင်မြင်မှု ကိုကြာ ရှည် ထိန်းထားနိုင်ပြီး ဘယ်တော့မှ အမှားမတွေ့ ၊ အခက်အခဲကြုံလာရင်လည်း ကူညီမယ့်သူ အဆင်သင့် ဖြစ်ပါတယ်။ အသေးအဖွဲလေးတွေက အစ မိဘ နဲ့ပြောဆိုဆက်ဆံရာမှာ သတိပြုရပါမယ်။ ကျွန်တော် ကိုယ်တိုင်လည်း အသက် ၂၃ နှစ် အရွယ်တုန်းက မိဘ ကိုမောက်မာခဲ့မိတာ ။ နောက်ဘာမှအဆင်မပြေဖြစ်တော့ မှ ဆရာတော် ဘုရားတွေရဲ့ ဆုံးမစကားတွေ ၊ တရားတွေ နားထောင်ပြီး မိဘ ကို ပြန်လည်တောင်းပန် ရှိခိုး ပြီး ခွင့်လွှတ်ပါတယ် ဆိုတဲ့ အမေ့ရဲ့ စကားကြားရအပြီးမှာမှ ဘ၀ မှာ ပြန်လည်အဆင်ပြေလာတဲ့သူလေ။

အဲသည်နောက် ဘ၀ တစ်လျှောက်လုံးဘယ်တော့မှ မိဘ ကို မလွန်ဆန်တော့ဘူးလေ။ ကောင်းကောင်းကြီးကိုနောင်တရပြီး မိဘ ကျေးဇူး မိဘ တန်ဖိုးကို သိမြင်လာပြီလေ။ ကိုယ်က ပညာတတ်နေတာ က မိဘ က ငယ်စဉ်က ကျောင်း ထားပေးခဲ့လို့ပေါ့။ မိဘ ကသာ ကျောင်းမထားပေးခဲ့ရင် ဘယ်လို မူလတန်း၊ အလယ်တန်း၊အထက်တန်းအောင် ပြီး ဘွဲ့ရ ပညာတတ်ဖြစ်နိုင်မှာလဲ။ ပညာရေးအတွက် အသုံးစရိတ်ကရော မိဘ ပိုက်ဆံပဲ မဟုတ်လား ။ ခုမှ အလုပ်အကိုင်လေးရှိမှ မိဘ ကျေးဇူးကြောင့် ပညာတတ်ဖြစ်လာတာကိုမေ့ပြီး ငါတော် လို့ ၊ ငါတတ်လို့ သည်လို ရုံးကြီးမှာ သည်လို မျိုးရာထူး အလုပ်မျိုးရတာ ဆိုပြီး လက်မထောင်ချင်တဲ့ လူငယ်လေး တွေ စဉ်းစားစေချင်ပါတယ်။

မိဘကိုစိတ်ချမ်းသာစေတဲ့ သားသမီး မျိုးဟာ ဘယ်တော့မှ မဆင်းရဲဘူး ဆိုတဲ့စကားဟာ အင်မတန်ကို မှန်ကန်လို့ ပြောနေကြတဲ့စကားပါ။ မဆင်းရဲဘူး ဆိုတဲ့နေရာမှာ ကိုယ်ရော ၊ စိတ်ရောပါ။ မယုံဘူး ဆိုရင် လက်တွေ့လည်း လုပ်ကြည့်လိုက်ပါ။ အရင်က အဆင်မပြေဖြစ်နေတာလေး တွေ ပြန်လည် အဆင်ပြေ တိုးတက်လာပါလိမ့်မယ်။ လူငယ်တွေ အသက်ရှင် လျက် ငရဲကျ မခံချင်ကြပါနဲ့လို့တိုက်တွန်းလိုက်ပါရစေ....... ။
>>>Read more>>> >>

*****ခန္တီပါရမီ*****

ငါးရာ့ငါးဆယ် သရဘင်္ဂဇာတ်မှာ မင်းသုံးပါးနဲ့ သိကြားမင်းတို့ ဘုရားအလောင်း သရဘင်္ဂ ရသေ့ဆီ ရောက်လာပြီး သိကြားမင်းက မေးခွန်းပြဿနာ မေးပါတယ်။
“ရှင်ရသေ့.. လောကမှာ ဘယ်တရားကို ပယ်သတ်ရင် တစ်ရံတခါမျှ မစိုးရိမ်ရသလဲ၊
ဘယ်တရားကို ပယ်ရှားရင် သူတော်ကောင်းတွေ ချီးမွမ်းသလဲ၊
လောကမှာ ဘယ်သူ ပြောဆိုတဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံရပါ့မလဲ”
ဒီတော့ သရဘင်္ဂရသေ့က-
“လောကမှာ ဒေါသကို ပယ်သတ်လိုက်ရင် တစ်ရံတခါမျှ မစိုးရိမ်ရတော့ဘူး၊
ကျေးဇူးကန်းမှုကို မပြုရင် သူတော်ကောင်းတွေ ချီးမွမ်းပါတယ်။
ကိုယ့်ထက်သာတဲ့သူ၊ ကိုယ်နဲ့ တန်းတူသူ၊ ကိုယ့်အောက် နိမ့်တဲ့သူတို့ရဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံရမယ်။ အဲဒီလို သည်းခံလိုက်ခြင်းကို အမြတ်ဆုံးလို့ သူတော်ကောင်းတွေ ပြောဆိုကြတယ်”
ဘုရားအလောင်းရဲ့ အဖြေစကား ကြားတော့ သိကြားမင်းက မေးခွန်း ထပ်မေးပြန်ပါတယ်။
“ရှင်ရသေ့ရယ်၊ လောကမှာ ကိုယ်နဲ့ တန်းတူ၊ ကိုယ့်ထက်မြတ်တဲ့ သူနှစ်ယောက်ရဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံရတာတော့ သည်းခံနိုင်ပါတယ်၊ ဒါပေမယ့် ကိုယ့်အောက် နိမ့်တဲ့သူရဲ့ ကြမ်းကြုတ်တဲ့ စကားကိုတော့ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ”
ဘုရား အလောင်းတော် ကလည်း ပြန်ဖြေပေး ပါတယ်။
“ကိုယ့်ထက် မြတ်သူရဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံတာဟာ ကြောက်လို့ သည်းခံတာပဲ၊ ကိုယ်နဲ့ တန်းတူရဲ့ စကားကို သည်းခံတာကျတော့ တကယ်လို့ သည်းမခံလိုက်ရင် ငါ့ထက်သာအောင် ကြံစည်အားထုတ် ပြုလုပ်သွားမယ့် အပြစ်ကို မြင်လို့ သည်းခံတာ၊ ဒီသည်းခံခြင်း နှစ်မျိုးဟာ မြတ်တဲ့ သည်းခံခြင်းတော့ မဟုတ်ဘူး၊ ကိုယ့်အောက် နိမ့်သူရဲ့ စကားကို သည်းခံနိုင်မှ အမြတ်ဆုံး သည်းခံခြင်းလို့ သူတော်ကောင်းတွေ ပြောကြတယ်” လို့ ပြန်ဖြေပေးလိုက် ပါတယ်။
သည်းခံတဲ့ နေရာမှာ တရား သဘောလေးတွေ အာရုံပြုပြီး သည်းခံတာက ပို အဆင်ပြေပါတယ်။ အထူးသဖြင့် ခန္တီ ပါရမီရဲ့ သဘောလေးကို အာရုံပြုပြီး သည်းခံရပါတယ်။
အာရုံဆိုး တစ်ခုကို တစ်ယောက်ယောက်က ဖန်တီးလာတဲ့ အခါ “ငါ ခန္တီပါရမီ ဖြည့်ဖို့အတွက် ဖန်တီးပေး နေတာ၊ ဘာပဲပြောပြော ငါ့ကို ပါရမီ ဖြည့်ပေးနေသူပဲ” လို့ ဆင်ခြင် နှလုံးသွင်းလိုက် ရင်လည်း သည်းခံဖို့အတွက် တရားအသိ အားတွေ ၀င်လာတော့ တာပါ။ တရားအားတွေ ရင်ထဲ ရောက်လာရင် အလိုလို သည်းခံပြီးသား ဖြစ်သွားပါတယ်။
တကယ်ဆို သူ့ကိုတောင် ကိုယ်က ပြန်သနား ရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ ကိုယ့်ကို ပြောဆိုနှိမ့်ချ ကဲ့ရဲ့ နေတာက အကုသိုလ်ပါ။ ကိုယ် ခန္တီပါရမီ ဖြည့်နေတာက ကုသိုလ်ပါ။
အကုသိုလ်ဟာ အကုသိုလ်ရဲ့ အကျိုး ရှိပါတယ်။ ကုသိုလ်ဟာ ကုသိုလ်ရဲ့ အကျိုး ရှိပါတယ်။ အကျိုးပေးပုံခြင်း မတူပါဘူး။ ပြုပြီးတာနဲ့ ကံမြောက်သွားတော့ တာပါ။ ကံက ကာလ တစ်ခုမှာ အကျိုးတစ်ခုခုကို ပေးတော့ မှာပါ။
ကံရဲ့ အကျိုး အပြစ်တွေကို ဆက်ပြီး ဆင်ခြင်လိုက် မိတဲ့အခါ ကိုယ့်အတွက် ကောင်းကျိုးဖြစ်လို့ ၀မ်းမြောက်ရ ပေမယ့် သူ့အတွက် ကျတော့ ကာလ တစ်ခုမှာ ဆိုးကျိုး လာတော့မှာ ဆိုတော့ သနား ကရုဏာတောင် ပြန်ဖြစ်သွားရ တာပါ။
သူ့ကို သနားစရာ သတ္တ၀ါလို့ ဉာဏ်ထဲမှာ ထင်လာတဲ့ အခါ ကိုယ့်ရဲ့ သည်းခံမှုဟာ အထူး ကြောင့်ကြ စိုက်စရာ မလိုတော့ပါဘူး။
တကယ်လို့ ကိုယ်က ဒေါသအလျှောက် ဖြတ်ကနဲ တုန့်ပြန်မိ လိုက်ရင် ဆိုးကျိုးတွေက ဆင့်ကဲ ဆင့်ကဲ ၀င်လာတော့ တာပါ။ တချို့ ဆိုးကျိုးတွေဆို အပါယ် ဒုဂ္ဂတိ အထိတောင် ဆွဲချနိုင် ပါတယ်။
ခန္တီ ပါရမီရဲ့ သဘောက ဒေါသမထွက်ဘဲ သည်းခံရမှာပါတဲ့။ အာရုံဆိုး တစ်ခုခုနဲ့ ကြုံလိုက်ရတဲ့ အခါ ပထမဆုံး ၀င်လာမယ့် သူက ဒေါသပါ။ ဒီတော့ ကိုယ်က ဓါတ်ခံအားနည်းလို့ ဒေါသစိတ် ၀င်လာပေမယ့် ၀င်လာတဲ့ ဒေါသကို သိလိုက်နိုင်ရ ပါမယ်။ ၀င်လာတဲ့ ဒေါသကို မသိလိုက် နိုင်ရင် ဒေါသကို အခြေခံပြီး “သူက ငါ့ကို ဒီလိုလုပ်တော့ ငါကလည်း ဒီလို လုပ်တာပေါ့” ဆိုပြီး ဖြတ်ကနဲ အမှား တုန့်ပြန်မှုကို ကျူးလွန်လိုက် မိရော။ တဒင်္ဂအတွင်း ဖြစ်သွားရ တာပါ။
တကယ်တော့ ရင်ထဲ ရောက်လာတဲ့ ဒေါသဟာ ကာလ ကြာကြာကြီး တည်မနေပါဘူး။ အခိုက်အတန့် တစ်ခုပါပဲ။ ကိုယ်က ဖြစ်ဆဲ အခိုက်အတန့် လေးမှာ ကိုယ့်ဒေါသကို သိလိုက်နိုင် ဖို့ပါ။
တကယ်လို့ ကိုယ်က ပါရမီရှင်တွေလို ပါရမီမြောက်တဲ့ ခန္တီကို ချက်ချင်း မဖြည့်ကျင့်နိုင်သေးရင်တောင် ဖြစ်ပေါ်လာတဲ့ ဒေါသကိုတော့ ထိန်းနိုင်ရ ပါမယ်။ ဒေါသ ဖြစ်လာတဲ့အခါ ဒေါသရဲ့ ဆိုကျိုးလေး တွေကို ဆင်ခြင်နေလိုက် မယ်ဆိုရင်လည်း ဒေါသက လျော့သွားတာ များပါတယ်။
ကျေးဇူးတော်ရှင် မင်းကွန်း ဆရာတော် ဘုရားရဲ့ မဟာဗုဒ္ဓ၀င် ပထမတွဲ ဒုတိယပိုင်း ထဲမှာ ဒေါသအပြစ် လင်္ကာလေး ရှိပါတယ်။
ရုပ်ရည်ဆင်းပျက်၊ အိပ်စက်မပျော်၊ ကျိုးသော်မရ၊ ဘောဂခြွေရွေ၊ မိတ်ဆွေပျက်ပြား၊ အပါယ်လား၊ ခုနစ်ပါး ကောဓ အပြစ်တည်း။
ဒေါသ ဖြစ်နေခိုက်မှာ ဒီလင်္ကာလေးကို အဓိပ္ပါယ် သဘောအထိ ပါအောင် နှလုံးသွင်းပြီး ထပ်ကာထပ်ကာ ရွတ်ဆို ဆင်ခြင်နေမယ် ဆိုရင်လည်း ဖြစ်နေတဲ့ ဒေါသ လျော့သွားပါလိမ့်မယ်။
ဆိုးကျိုး နှစ်ခုစလုံးက ကြောက်စရာတွေ ချည်းပဲ ဆိုတော့ သဘော အဓိပ္ပါယ် လေးတွေကို ပေါ်နိုင်သမျှ ပေါ်အောင် အာရုံပြုပြီး နှလုံးသွင်းပြီး ရွတ်သွားနိုင်ဖို့ လိုပါတယ်။
အာရုံဆိုးကို တွေ့ပြီး ဒေါသ ဖြစ်လို့ပဲ ဖြစ်ဖြစ်၊ ဒေါသကို အခြေခံပြီး တုံ့ပြန်မှု တစ်ခုခုကို ပြုဖြစ်လိုက်ရင်ပဲ ဖြစ်ဖြစ်၊ တစ်ဖက်သားကို အမှီပြုပြီး ကိုယ်ပါ ရှုံးရတော့ တာပါ။ ဈေးစကားနဲ့ ပြောရင် အမြတ် မရရင်တောင် အရှုံး မရအောင်တော့ ကြိုးစားရ မှာပါ။
လောကဓံဆိုး တစ်ခုဟာ ဘယ်လောက် အထိ တည်နေမှာလဲ၊ ကိုယ်က တစ်သက်လုံး နေပါ ဆိုရင်တောင် သူက မနေပါဘူး။ ကာလ တစ်ခုပါပဲ။ ဒီကာလ အခိုက်အတန့်လေး တစ်ခုမှာ ကိုယ်က သည်းခံလိုက်နိုင် ဖို့ပါပဲ။
ပါရမီ သဘောနဲ့ ပြောရင် ဒါန ပါရမီတို့ သီလ ပါရမီတို့ဟာ ဖြည့်ချင်ရင် ချက်ချင်း ထဖြည့်လို့ ရပါတယ်။ ခန္တီ ပါရမီတို့ ကျတော့ အာရုံ တစ်ခုခုနဲ့ တွေ့လိုက်မှ ကိုယ့်အတွက် ပါရမီ ဖြစ်ရတာပါ။ ဒီတော့ ကိုယ့်ကို အာရုံဆိုး တစ်ခု လာပေးတဲ့ သူကို ကိုယ့်ကို ပါရမီ ဖြည့်ပေးတဲ့ အတွက် တကယ်ဆို ကျေးဇူးတောင် တင်ရပါဦးမယ်။
သည်းခံတဲ့ နေရာမှာ ကိုယ်ကြားဖူး ထားတဲ့ ဂါထာလေးတွေ၊ ဇာတ်တော် ကလေးတွေ၊ ပုံဝတ္ထု ကလေးတွေ၊ လင်္ကာလေးတွေ၊ အဆုံးအမ စကားလေး တွေကို အာရုံပြုပြီး ဆင်ခြင် သည်းခံလို့လည်း ရပါတယ်။
သည်းခံမှု ပါရမီကို ဖြည့်ကျင့်တဲ့ နေရာမှာ ပင်ကိုယ် ဓါတ်ခံ ဗဟုသုတ တရား အသိလေး တွေလည်း ရှိဖို့ လိုပါတယ်။ စိတ်ထဲမှာ ဘာကို ပြေးသတိ ရလိုက်မိသလဲ ဆိုတော့ စံကင်း ဆရာတော် ဘုရားရဲ့ ဩ၀ါဒ စကားလေးပါ။ ပြဿနာ တစ်ခု ဖြစ်လာတဲ့ အခါ အလွတ် ဆုံးမတော် မမူဘဲ တရားသဘော သက်ဝင်အောင် ဆုံးမခဲ့ပုံ လေးပါ။
တစ်နေ့မှာ ကျောင်းသား တစ်ယောက်က သူ့ခြေထောက်ကို သေးပန်း ခံရတဲ့ အကြောင်း လာလျှောက်ပါတယ်။ အလျှောက်ခံ ရတဲ့ ကျောင်းသားက မတော်တဆ ဖြစ်ရတဲ့ အကြောင်း ပြန်လျှောက်ပြ ပါတယ်။ ဒီတော့ ဆရာတော်က-
“ဒို့ မေးပါဦးမယ်၊ မင်း ဖြေပေါ့၊ မကျေနပ် ရင်လည်း သူ့ကို ဒဏ်ပေးရ တာပေါ့၊ အဲဒီသေးဟာ ရုပ်တရားလား၊ နာမ်တရားလား”
“ရုပ်တရားပါ ဘုရား”
“မင်း ခြေထောက်ကကော”
“ရုပ်ပါ ဘုရား”
“ရုပ် ရုပ်ချင်း ထိတာ မဟုတ်လား၊ ဒါ ရွံစရာလား”
“ရွံစရာ မဟုတ်ပါ၊ ကျေနပ်ပါပြီ ဘုရား”
“အေး ရုပ်၊ ရုပ်ချင်း ထိမိတာက အပြစ်မရှိဘူး၊ ဒါကို အကြောင်းပြုပြီး ပေါ်လာတဲ့ နာမ်က နှလုံးသွင်း မတတ်ရင် အပြစ် ဖြစ်တတ်တယ်၊ စိတ်ဆိုးတယ် ဆိုတာ ဒါပဲ”
ကျောင်းသား ကလေးငယ်လေး တွေကို တရား သဘောနဲ့ နှလုံးသွင်းပြီး သည်းခံတတ်အောင် ဆုံးမခဲ့ပုံ လေးပါ။ အထူးသဖြင့် နာမ်က နှလုံးသွင်း မတတ်ရင် အပြစ် ဖြစ်တတ်တယ် ဆိုတဲ့ အကြောင်းလေးပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် အဆုံးအမ တစ်ခုခုကို အာရုံပြုပြီး သည်းခံလိုက်နိုင်တယ် ဆိုရင်ပဲ ကိုယ့်အတွက် မရှုံးတော့ ပါဘူး။
တစ်ခါတလေ ဒေါသအလျှောက် သည်းမခံနိုင်ဘဲ ပက်ကနဲ ပြန်ပြောလိုက်မိ တဲ့အခါ ပြောတုန်းကတော့ ကျေနပ်သလို ရှိပေမယ့် နောက်ရက် ကျတော့ စိတ်မကောင်း သိပ်ဖြစ်ရတာပါ။ အထူးသဖြင့် ဘာမဟုတ်တာ လေးနဲ့ ကိုယ့်အတွက် အကုသိုလ် ဖြစ်သွားရတာ သိပ်ရှုံးရ တာပါ။
အမှန်တော့ တရားရဲ့ သဘောက သိဖို့နဲ့ ကျင့်ဖို့ရယ်ပါ။
အာရုံတစ်ခုနဲ့ တွေ့လို့ တရား သဘောနဲ့ ယှဉ်ပြီး ကျင့်သုံးလိုက် ရရင် ကိုယ့်ကိုယ်ကို သိပ်အားရ ကျေနပ် ရတာပါ။ အရသာကောင်း တစ်ခုကို သိသွားရင် နောင် ကျင့်သုံးဖို့ မခက်လှတော့ ပါဘူး။
“ဩော်.. ငါဟာ မြတ်စွာ ဘုရား စကားကို နားထောင်လိုက်တဲ့ သူပဲ” ဆိုပြီး ကိုယ့်ကိုယ်ကို ကျေနပ်မှုနဲ့ အတူ ကြည်ညိုမှုပါ ဖြစ်ရတော့ တာပါ။
သည်းခံရမယ် ဆိုတော့ နေရာတကာ ခေါင်းငုံ့ပြီး သည်းခံရမှာလား ဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။
ဒါနဲ့ ပတ်သတ်ပြီး သီလက္ခန် အဋ္ဌကထာ နှာ-၅၃ မှာ ဖွင့်ပြထား ပါတယ်။
မဟုတ်မမှန် တာကို မဟုတ် မမှန်တဲ့ အတိုင်း ပြန်ဖြေရှင်းရ မယ်လို့ ဆိုပါတယ်။
ဖြေရှင်းတဲ့ နေရာမှာ အပြစ်ပြောတဲ့ နေရာမှာသာ ဖြေရှင်းရ မှာပါ။ တခြား နေရာတွေမှာ လိုက်ပြီး ဖြေရှင်းနေစရာ မလိုပါဘူး။
“သင်ဟာ သီလ မရှိတဲ့သူပဲ၊ သင့်ဆရာဟာ သီလ မရှိတဲ့ သူပဲ။ သင်ဟာ ဒီလို ဒီလို အမှုကို ပြုထားတယ်၊ သင့်ဆရာဟာ ဒီလို ဒီလို အမှုကို ပြုထားတယ်” အဲဒီလို ပြောဆိုလာရင် သည်းခံမနေရပါဘူးတဲ့။ သည်းခံနေရင် တစ်ဖက်က ယုံမှား သံသယ ဖြစ်သွားတတ် ပါတယ်တဲ့။ အဲဒီ အခါမျိုးမှာ ဒေါသ မဖြစ်စေဘဲ အပြစ်ကို ဖြေရှင်းရမယ်လို့ ဆိုပါတယ်။
တကယ်လို့ သင်ဟာ “ကုလားအုပ်ပဲ၊ နွားပဲ” စသည်ဖြင့် ပြောဆို စွပ်စွဲကဲ့ရဲ့ လာရင်တော့ ပြောဆိုလာတဲ့ သူကို လျစ်လျူရှုပြီး သည်းခံနေလိုက် ပါတဲ့။
ဒါ စာမှာ ဖွင့်ပြထား တာကို ခပ်ကျဉ်းကျဉ်း ရေးပြတာပါ။
အဓိက ကတော့ ကိုယ့်ရဲ့ဂုဏ်သိက္ခာ သီလကို စော်ကားလာ ရင်တော့ ဒေါသမထွက်ဘဲ မဟုတ်မှန်တာကို မဟုတ်မှန်တဲ့ အတိုင်း ပြန်ဖြေရှင်း ရမယ်လို့ ဆိုထားပါတယ်။ ဖြေရှင်းတဲ့ နေရာမှာလည်း ဒေါသမထွက် စိတ်မဆိုးဘဲ ဖြေရှင်းရမယ်လို့ ဆိုထားပါတယ်။ ဒေါသနဲ့ သွားဖြေရှင်း ရင်တော့ စာနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားပါလိမ့်မယ်။
ဝိပဿနာ သဘောနဲ့ ကြည့်လိုက်ရင် လောကမှာ ဘာမှ မမြဲပါဘူး။ သူလည်း မမြဲပါဘူး။ ကိုယ်လည်း မမြဲပါဘူး။ မမြဲတာကို မမြဲဘူးလို့ ၀ိပဿနာ သဘောနဲ့ သိလိုက်ရတဲ့ အချိန်မှာ သူ့ကို အလိုလို ခွင့်လွှတ်ပြီးသား ဖြစ်သွားပါတယ်။ လူတစ်ယောက်ရဲ့ ဘ၀မှာ နိဗ္ဗာန် ရောက်ဖို့သာ အဓိက ဆိုတော့ သူ့အတွက် အချိန်ကုန်ခံ မနေချင်တော့ ပါဘူး။ နိဗ္ဗာန် ရဖို့အတွက် အချိန်ဟာ ကိုယ့်အတွက် ရွှေထက်တောင် တန်ဖိုး ရှိနေတာ ဆိုတော့ ရလာတဲ့ အချိန်ကိုပဲ ကိုယ့်အတွက် အသုံးချရတော့ မှာပါ။ အဓိက ကတော့ မမြဲတဲ့ သဘောလေး တွေကို မမြဲဘူးလို့ သိလိုက်ဖို့ ပါပဲလေ။
ဘာပဲပြောပြော ကိုယ်က ခန္တီ ပါရမီကို ဖြည့်ကျင့်ချင်တဲ့ သူပါ။ တကယ်လို့ အာရုံဆိုး တစ်ခုကို တွေ့ပြီး သည်းခံဖို့ ခက်နေရင် မြတ်စွာဘုရား ရှေ့ကို သွားလိုက်ပါ။ လက်အုပ်ကလေး ချီပြီး “မြတ်စွာဘုရား ဘုရား တပည့်တော် ဒီနေ့ တစ်နေ့တာ မြတ်စွာဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်ပါမည် ဘုရား” လို့ အဓိဋ္ဌာန် လိုက်ပါ။ စိတ်ထဲ မှာလည်း “ငါ မြတ်စွာ ဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်နေတယ်၊ ငါ မြတ်စွာ ဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်နေတယ်” လို့ တွေးတွေးနေရ ပါမယ်။ ကြုံလာတဲ့ အာရုံကိုလည်း “ငါ မြတ်စွာ ဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်ပြီး သူ့ကို သည်းခံမယ်” လို့ နှလုံးသွင်းပြီး သည်းခံပစ် လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရင်ထဲကို ခန္တီ ပါရမီ ရောက်လာပါလိမ့်မယ်။
ကဲ.. စာဖတ်သူ မြတ်စွာဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်ပြီး သည်းခံကြည့်ပါလား၊ အဆင်ပြေသွား ပါလိမ့်မယ်။
>>>Read more>>> >>

Monday 7 November 2011

အကုသိုလ် ပယ်နည်းများ‏


(၁) မြင်ခြင်းဖြင့် ပယ်ခြင်း (ဒဿနာ ပဟာတဗ္ဗာ) (၂) ပိတ်ခြင်းဖြင့် ပယ်ခြင်း (သံဝရာ ပဟာတဗ္ဗာ)

(၃) မှီဝဲခြင်းဖြင့် ပယ်ခြင်း (ပဋိသေဝနာ ပဟာတဗ္ဗာ)

(၄) သည်းခံခြင်းဖြင့် ပယ်ခြင်း (အဓိဝါသနာ ပဟာတဗ္ဗာ)

(၅) ရှောင်ကြဉ်ခြင်းဖြင့် ပယ်ခြင်း (ပရိဝဇ္ဇနာ ပဟာတဗ္ဗာ)

(၆) ဖျောက်ခြင်းဖြင့် ပယ်ခြင်း (ဝိနောဒနာ ပဟာတဗ္ဗာ)

(၇) ပွါးခြင်းဖြင့် ပယ်ခြင်း (ဘာဝနာ ပဟာတဗ္ဗာ)

(၁) သစ္စာလေးပါးကို မြင်ခြင်းဖြင့် ပယ်ခြင်း

(၁- မွေး၊ အို၊ နာ၊ သေ၊ မချစ်တာနဲ့တွဲ၊ ချစ်တာနဲ့ကွဲ၊ လိုရာမရခြင်း၊ ဥပါဒါနက္ခန္ဓာရှိနေခြင်း ဟူသော ဒုက္ခတို့ကို သိမြင်ခြင်း၊

၂- တဏှာ လောဘကြောင့် ဒုက္ခဖြစ်နေရသည်ဟု သိမြင်ခြင်း၊

၃- နိဗ္ဗာန်ရောက်မှ ဒုက္ခအားလုံး ချုပ်ငြိမ်းမည်ဟု သိမြင်ခြင်း၊

၎- ထိုနိဗ္ဗာန်ရောက်ရန် မဂ္ဂင်ရှစ်ပါးပွားရမည်ဟု သိမြင်ခြင်း)

(၂) မျက်စိ၊ နား၊ နှာ စသော ဣနြေ္ဒတို့ကို ပိတ်ခြင်းဖြင့် ပယ်ခြင်း

(အကုသိုလ်ဖြစ်စရာ အာရုံများကို မကြည့်မိ၊ နားမထောင်မိ မခံစားမိအောင် စောင့်ရှောက်ထိန်းချုပ်ခြင်း)

(၃) ဆွမ်း စသော ပစ္စည်းတို့ကို ဆင်ခြင်၍ မှီဝဲခြင်းဖြင့် ပယ်ခြင်း

(အစား၊ အဝတ်၊ နေရာ၊ ဆေးတို့ကို မိမိအကျိုး၊ အများအကျိုး၊ သာသနာ့အကျိုး ဆောင်နိုင်ရန် သင့်လျော်အောင် သုံးဆောင်ပါသည်ဟု ဆင်ခြင်၍ သုံးဆောင်ခြင်း)

(၄) ဆင်းရဲဝေဒနာတို့ကို သည်းခံခြင်းဖြင့် ပယ်ခြင်း

(မကောင်းသောစကား၊ မကောင်းသောအတွေ့၊ အချမ်းအပူ၊ ခြင်၊ မှက်၊ လေ၊ နေ၊ အနာ၊ ရောဂါစသည်တို့ကို သည်းခံခြင်း)

(၅) နေရာမဟုတ်ရာ၊ ကျက်စားရာမဟုတ်ရာ၊ ယုတ်မာသော မိတ်ဆွေတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ပယ်ခြင်း

(ကိုယ်နှင့်မဆိုင်သော မသွားသင့်သော အရပ်၊ ကြမ်းသော ဆင်၊ မြင်း၊ ခွေး၊ မြွေ၊ သစ်ငုတ်၊ ချောက်ကမ်းပါး၊ အညစ်အကြေးရှိရာအရပ် စသည်တို့ကို ရှောင်ကြဉ်ခြင်း)

(၆) ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက်ကို ဖျောက်ဖျက်ခြင်းဖြင့် ပယ်ခြင်း

(ကာမဂုဏ်တို့ကို ကြံစည်ခြင်း၊ သူတစ်ပါးကို ပျက်စီးစေရန် ကြံစည်ခြင်း၊ ညှင်းဆဲရန် ကြံစည်ခြင်း ဟူသော မကောင်းသော အကြံတို့ကို ဖျောက်ဖျက်ခြင်း)

(၇) သတိသမ္ဗောဇ္ဈင် စသော ဗောဇ္ဈင် (၇)ပါးတို့ကို ပွားခြင်းဖြင့် ပယ်ခြင်း

(သတိ၊ ပညာ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ တို့ကို ပွါးများခြင်း)

အနှစ်ချုပ်အားဖြင့် အာရုံများနှင့် ကြုံကြိုက်လာလျှင် မသင့်မလျော် နှလုံးမသွင်းမဆင်ခြင်မိစေဘဲ သင့်လျော်အောင် နှလုံးသွင်းဆင်ခြင်ခြင်း ယောနိသောမနသိကာရ ဖြစ်အောင်ထားခြင်းဖြင့်ပင် အကုသိုလ်တရားတို့ကို ပယ်ပြီး ဖြစ်သွားပါလိမ့်မည်။
>>>Read more>>> >>

ကလျာဏမိတ္တအင်္ဂါ ၇-ပါး



ကလျာနမိတိတ္တအင်္ဂါ ၇-ပါး။ ။
သပ္ပုရိသ ခေါ် မိတ်ဆွေကောင်းမိတ်ဆွေမြတ်တို့၏ အင်္ဂါ ၇-ပါးဟူ၏။

(၁) သီလ-ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း၊
(၂) သမာဓိ- ကိုယ်နှုတ်စိတ်ငြိမ်သက်တည်ကြည်ခြင်း၊
(၃) ပညာ- ရုပ် နာမ် ပဋိစ္စသမုပ္ပါဒ်တို့ကိုသိခြင်း၊ (၄) ဓမ္မ ဒါနသစ္စာလေးပါး ဘာဝနာတရားတို့ကို ဟောကြားနိုင်ခြင်း၊
(၅) ပေယျ ဝါစာလိုက်နာဖွယ်သောစကားတို့ကို ဆိုတတ်ခြင်း၊
(၆) အတ္ထစရိယာ- သူ့ကောင်းကျိုးကိုကျင့်သုံးနိုင်ခြင်း၊
(၇) သမာနတ္ထတာ- မိမိနှင့်တူမျှသောအကျိုးတရားကို ဖြစ်စေနိုင်ခြင်း။

ကလျာနမိတိတ္တဖြစ်ကြောင်း ဂုဏ်အင်္ဂါ ၇-ပါး။ ။
မိတ်ကောင်းဖြစ်ခြင်းအင်္ဂါ ၇-ပါး။ သတ္တဂုင်္တ္တရပါဠိတော်ကလျာနမိတ္တသုတ်။

(၁) ဂရုဂုဏ်- အထက်ပါ ကလျာဏမိတ္တ အင်္ဂါ ၇-ပါးနှင့် ပြည်စုံသူဖြစ်၍ အလေးအမြတ်ပြုအပ်သောဂုဏ်။
(၂) ဘာဝနီယဂုဏ်- ထို့အတူဖြစ်၍ ချီးမွမ်းအပ်သောဂုဏ်။
(၃) ဝတ္တာရဂုဏ်- သူတစ်ပါးတို့အား ဆိုဆုံးမချင်သောဂုဏ်။
(၄) ဝစနက္ခမဂုဏ်- မသိ၍ သူတစ်ပါးတို့မေးလျှောက်သောစကားကို ခံနိုင် ဖြည့်စွမ်းနိုင်သောဂုဏ်။
(၅) ဂမ္ဘီရ ကထံ ကထာဂုဏ်- ရုပ်နာမ်နှင့်စပ်၍ နက်နဲစွာဟောပြောတတ်သောဂုဏ်။
(၆) အဋ္ဌာနေ နော စ နိယောဇိတ ဂုဏ်- အကျိုးမဲ့ရာတို့၌ မပြောဆို မတိုက်တွန်း မယှဉ်စပ်သောဂုဏ်။
(၇) ဘဇိတဗ္ဗ ဂုဏ်- သိက္ခာသုံးပါး သင်္ဂဟတရားလေးပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍မှီဝဲဆည်းကပ်ခံထိုက်သောဂုဏ်။

ကလျာဏမိတ္တ၊ ခေါ်ဆိုကြ၊ သုံးဝပုဂ္ဂိုလ်အဘယ်နည်း။ ။
သတ္တဝါတို့အားအကျိုးကျေးဇူးအထူးများစေသောသပ္ပုရိသ ကလျာဏမိတ္တ ပုဂ္ဂိုလ်ကြီး ၃-ယောက်။ ဗဟုဇနဟိတသုတ်မှ။

(၁) သမ္မာသမ္ဗုဒ္ဓ- သဗ္ဗညုမြတ်စွာဘုရား၊
(၂) အရဟန္တ- ရဟန္တာပုဂ္ဂိုလ်၊
(၃) သေက္ခ-တရားကျင့်ဆဲ သီလဝန္တ ပုဂ္ဂိုလ်။
>>>Read more>>> >>

Saturday 5 November 2011


ဘုံပျောက်မှာစိုးကြောက်မိရှာ အပိုင်း ၇

မြတ်စွာဘုရားသည် မုန်းတီးမှု၏အကျိုးတရားများကို ကောင်းစွာ သိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မုန်းတီးမှုဟူသော အကြောင်းကြောင့် မိမိတို့၏ ဘဝကို ဖျက်ဆီးလိုက်ကြသောသူတို့ကို မြတ်စွာဘုရားမြင်တွေ့တော်မူခဲ့သည်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားသည် '' မုန်းတီးမှုကြောင့် မုန်းတီးမှုသည် မပြီးဆုံးနိုင် '' '' သင်အမုန်းပွါးလေလေ အခြေအနေပိုဆိုးရွားလေလေ'' ဖြစ်ကြောင်းကို ပြတ်ပြတ်သားသားမိန့်ကြားနိုင်ခဲ့သည်။
သင်ကကျွန်ုပ်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုပိုမုန်းလာ၏။ ဤသို့ဖြင့် မုန်းတီးမှုက တဆင့်ဆင့်တိုးပွါးလာရာ သင်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အချင်းချင်းမုန်းတီးမှုဟူသော မီးလောင်တိုက်တွင် လောင်မြိုက်ခြင်းခံရသည်အထိဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ တဘက်ဘက်က အမုန်းပွါးမှုကို ရပ်တန့်ရန်ဖြစ်ကြောင်း မြတ်စွာဘုရား မြင်တော်မူ၏။
တဘက်ဘက်ကဖြစ်စေသို့မဟုတ် နှစ်ဘက်စလုံးကဖြစ်စေ၊ မုန်းတီးမှုကိုမိတ်ဖြစ်မှုနှင့် သို့မဟုတ် ချစ်ခင်မှုနှင့် အောင်နိုင်အောင်မကြိုးစားလျှင် ဤမုန်းတီးမှု အစဉ်အတန်းသည် မည်သည့်အခါမျှ ဆုံးခန်းတိုင်မည် မဟုတ်ချေ။ (ဒေါက်တာမင်းတင်မွန်၊ ဗုဒ္ဓဝါဒနှင့် ခေတ်သစ်ဘဝ၊ စာမျက်နှာ ၅၅-၅၆)

ဘုံပျောက်မှာစိုးကြောက်မိရှာ နောက်ဆက်တွဲ အပိုင်း ၇

ယနေ့ခေတ်ကာလသည် လွတ်လပ်ရေးရပြီး နစ်၆၀ကျော်ကာလဖြစ်သည်။ ကုလားများသည်လည်း မူလကုလားများနှင့်မတူတော့။ ဗမာလူမျိုးတို့နှင့်မခြား စိတ်ဓာတ်နှင့် ရုပ်ရည်တူလာသည်။ ကျွန်တော်တို့လျှို့ဝှက်စွာလုပ်ဆောင်သောကိစ္စများကို သူတို့အားလုံးသိနေကြသည်။ သူတို့၏ရုပ်ရည်သည် ဗမာနှင့်တူသည်။ အထက်အညာဒေသရှိ မူဆလင်များမှာ သာ၍ပင် ဗမာများနှင့်ခွဲခြားရန်ခက်ခဲသည်။ အရေးကြီးဆုံးအချက်မှာ သူတို့အတွင်းမြန်မာမျိုးချစ်စိတ်ဓာတ်ပေါ်ထွန်းနေရန်သာဖြစ်သည်။ မြန်မာနိုင်ငံသမိုင်းတလျှောက် ဗျတ်ဝိ၊ ဗျတ္တမှအစ ဆရာကြီးဦးရာဇက်အဆုံး သူတို့သည် ဗမာလူမျိုးတို့နှင့်အတူ သွေးစည်းညီညွတ်ခဲ့သည်။

နိုင်ငံကိုသစ္စာဖောက်သည်ဟူသော အစဉ်အလာဆိုးသည် သူတို့တွင်မရှိခဲ့ကြောင်း ရိုးသားစွာဝန်ခံရဲရပါမည်။ စွန့်စားခြင်းဝါသနာပါ၍ ဖိနှိပ်မှုကိုအလူးအလဲခံခဲ့ရသည်။ သူတို့တွင်မျိုးချစ်စိတ်မရှိလျင်သူတို့သည် တရုတ်များကဲ့သို့ မြန်မာနိုင်ငံရေးမှ တသီးတခြားနေမည်မှာ အမှန်ပင်ဖြစ်သည်။

ဗုဒ္ဓဘာသာမှ မူဆလင်များဖြစ်လာသည့်နည်းတူပင် မူဆလင်မှ ဗုဒ္ဓဘာသာသို့ကူးပြောင်းသူများလည်းအများအပြားရှိသည်။ ထင်ရှားသောသူများကို ကောက်နှုတ်ဖော်ပြရလျင် သခင်ဘသောင်း၊ ဦးသန့်၊ ဒဂုဏ်ဦးဘတင်၊ ဘကြီးဘဖေ၊ ဒေါက်တာမောင်ဒီ၊ ဦးဘသန်းထက်၊ တေးသံရှင် အလီ၊ ရုပ်ရှင်မင်းသားကျော်ဆွေ၊ ရွှေဘ၊ ချိုပြုံး၊ မေဝင်းမောင်၊ ကျော်သူ၊ စသည်ဖြင့် ရုပ်ရှင်လောကမှ ပုဂ္ဂိုလ်များ၊ စစ်ဖက်နယ်ဖက် အနုပညာလောကမှ ထင်ရှားသော ပုဂ္ဂိုလ်အများအပြားရှိသည်။ သို့ဖြစ်၍ ကျွန်တော်တို့က လူမျိုးနှင့်ပတ်သက်၍ စိတ်သောကရှိသကဲ့သို့ မူဆလင်များသည်လည်း ဤကိစ္စကိုသောကထားကြသည်ပင်။
ဗမာအမျိုးသမီးကိုယူလျင် ဘယ်၍ဘယ်မျှပေးမည်ဟူသော ရေးသားဖော်ပြချက်သည် ယနေ့မြန်မာနိုင်ငံရှိ မူဆလင်တို့၏အခြေအနေကိုလေ့လာကြည့်ပြီးမှ မှတ်ချက်ချသင့်သည်။ မူဆလင်များသည် ဗမာလူမျိုးနည်းတူချမ်းသာသူများသလို၊ လူလတ်တန်းစားလည်းရှိသည်။ အကယ်၍ နိုင်ငံရပ်ခြားမှအထောက်အပံ့များရမည်ဆိုလျင် မူဆလင်တို့၏ အခြေအနေသည် တရုတ်လူမျိုးသာသာရောက်ရှိနိုင်သည်။ မြို့သစ်များနေ ဆင်းရဲစုတ်ပြတ်နေသော မူဆလင်များက ရန်ကုန်မြို့၏ လမ်းမပေါ်တွင်ပိုက်ဆံလိုက်တောင်းနေပုံ မြင်ကွင်းကပင်လျင် ယင်းသူတို့၏အခြေအနေမှန်ကို သိနိုင်ပါသည်။ သို့ဖြစ်၍ ယင်းသို့သောဝါဒဖြန့်ချီချက်များသည် မုန်းတီးရေးကိုဦးတည်၍သာဖြစ်၍ ဆင်ခြင်သုံးသပ်တတ်သူအဖို့ လက်ခံနိုင်သောအခြေအနေပင် မရှိနိုင်ပါ။

'' အမျိုးပျောက်မှာစိုးကြောက်ရ'' စာတမ်းကြောင့် ကြီးမားသောပဋိပက္ခနှင့် အကြပ်အတည်းကိုသာတွေ့နိုင်ပါသည်။

မြန်မာနိုင်ငံရှိမူဆလင်များကိုစောင့်ကြပ်သောအရှေ့ဖျားဒေသ မူဆလင်အသင်းရှိနေသည်။ ကမ္ဘာ့မူဆလင်အဖွဲ့ကို ဆောင်ဒီရှိ ဂျစ်ဒါမြို့တွင်ရုံးချုပ်ထားရှိသည်။ ယင်းအဖွဲ့သည် အဖွဲ့သားအားလုံးကို ချုပ်ကိုင်ထားသည်။ မြန်မာနိုင်ငံမူဆလင်များအရေးနှင့် စပ်လျင်း၍ မလေးရှားနှင့် အင်ဒိုနီးရှားတို့က တာဝန်ယူရသည်။ ယင်းအဖွဲ့အစည်းများသည် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့များဖြစ်သလို အကြမ်းဖက်သမားများကို သင်တန်းပေးသောအဖွဲ့၊ လက်နက်ပေးသောအဖွဲ့စသည်ဖြင့်တရားမဝင်ဖွဲ့ထားသောအဖွဲ့များလည်းရှိသည်။ အရေးကြုံက သူတို့ကလက်မနှေးကြပေ။ ယင်းအဖွဲ့များကို အာဖဂန်နစ္စတန်၊ အီရန်နှင့် လစ်ဗျားတို့က အထူးအားပေးသည်။

မြန်မာမူဆလင်များ၏ ပလီဝတ်ကျောင်းများကျူးကျော်ဖျက်ဆီးခံရခြင်း၊ ရွာငယ်များနှင့် ၎င်းတို့အိမ်ယာများဖျက်ဆီးခံရခြင်း၊ လူမျိုးရေး ဘာသာရေးအရနှိပ်ကွတ်ခံရခြင်းများနှင့် ပတ်သက်၍ မြန်မာမူဆလင်များမှ လက်နက်စွဲကိုင်ကာ သူတို့၏ပြဿနာကို ဖြေရှင်းသည့်နည်းလမ်းကိုမသုံးစွဲသည့်အတွက် အာဖဂန်ရှိ အိုမောက '' မြန်မာမူဆလင်တို့သည် သူရဲဘောကြောင်လွန်းသည် '' ဟုဗျူးခန်းတွင်ဖော်ထုတ်ခဲ့သည်။

မြန်မာနိုင်ငံရှိ မူဆလင်များနှင့် ၎င်းတို့၏ဘာသာရေး ခေါင်းဆောင်တို့သည်အကြမ်းဖက်လမ်းစဉ်ကို ရွံရှာသူများဖြစ်ပုံရသည်။ မြန်မာနိုင်ငံတွင် ခေတ်အသီးသီးတွင်ရှိခဲ့သော သောင်းကျန်းသူတို့ကြောင့် တိုင်းပြည်ဆုတ်ယုတ်လာပုံကို မြန်မာမူဆလင်တို့သိသည်။ မုန်းတီးမှုနှင့်ပြုစုထားသော '' မျိုးပျောက်မှာစိုးကြောက်ရ '' လမ်းကြောင်းသည် မလွဲမသွေပင် ယင်းအနိဌာရုံသို့တွန်းပို့နေသည်။ ယုတ်စွအဆုံး မူစလင်တို့သည် ပဋိပက္ခကိုရှောင်ရင်းနှင့် ဒေသတခုဝယ်စုမိသွားကြလိမ့်မည်။ ယင်းဒေသသည် အနာဂတ်၏ ဘော့စနီးယားနှင့် ကိုဆိုဗိုဖြစ်သွားနိုင်သည်။ ကျွန်တော်တို့သည် ဤလမ်းကြောင်းကို အတတ်နိုင်ဆုံးရှောင်ရှားကြရပါမည်။ သို့မှသာလျင် နိုင်ငံတော်ကြီးသည် တည်တံ့ခိုင်မြဲမည်ဖြစ်သည်။

ပြင်ပမှသွေးထိုးပေးသော ပုဂ္ဂိုလ်တို့သည် သူတို့နိုင်ငံတွင် မကြာခဏဖြစ်ပွါးလေ့ရှိသော သွေးချောင်းစီးမှုများကို မြန်မာ့မြေပေါ်တွင် ပေါ်ပေါက်စေလိုကြသည်။ ယင်းပုဂ္ဂိုလ်တို့သည် အိန္ဒိယမှလာပြီး ဗုဒ္ဓဘာသာဝင်များကိုတရားဓမ္မပို့ချသယောင်၊ ကမ္မဌာန်းတရားပို့ချသယောင် အတိတ်က မူဆလင်နှင့် ရန်ငြှိုးများကို ကလဲ့စားချေခြင်းဖြစ်သည်။
အချို့သင်္ကန်းဝတ်ဘုရားသားတော်များပင် ဤကိစ္စတွင်လက်ဝင်နေကြခြင်းက မေတ္တာအရင်းခံဗုဒ္ဓဝါဒကို ပိုပြီးရုပ်ဆိုးစေပါသည်။ တော်လှန်ရေးကောင်စီ၏ အစဦးကာလတွင်သိန်းပေါင်းများစွာသော ဟိန္ဒူကုလားများသည် သူတို့နိုင်ငံကိုပြန်ခဲ့ကြသည်။ စက်ရုံများကို ပြည်သူပိုင်သိမ်းခံရသည်။ ထိုတရားဓမ္မပို့ချသော ပုဂ္ဂိုလ်ကြီး၏စက်ရုံသည်လည်း ပြည်သူပိုင်စာရင်းဝင်ဖြစ်သည်ကို သတိချပ်စေလိုပါသည်။ သူ၏တပည့်များဖြစ်သောပါရဂူနှင့် နှစ်ဖက်လှတို့မှာ ဆရာကြီး၏ပေးကမ်းမှုအပေါ်မူတည်နေ သံယောင်လိုက်ခြင်းဖြစ်သည်။ ဤပုဂ္ဂိုလ်တို့တွင် အိန္ဒိယနိုင်ငံ၊ ဗာရာဏသီ ဟိန္ဒိုတက္ကသိုလ်မှဆင်းလာသူလည်းပါပြီး ဟိန္ဒိုဘာသာဝင်တို့က ဗုဒ္ဓမြတ်စွာဘုရားကို သူတို့၏ဘုရားဝင်စားသူအဖြစ်လောက်သာ လက်ခံခြင်းသာလျင်ပြုသည်ကိုလည်း သတိချပ်ပါ။
ယနေ့ကျွန်တော်တို့လုပ်ဆောင်ရမည့်အလုပ်သည်ကား နိုင်ငံတော်အစိုးရက ပံ့ပိုးနေသော ထေရဝါဒဗုဒ္ဓဘာသာထွန်းကားရေးလမ်းကြောင်းဖြစ်ပါသည်။
>>>Read more>>> >>